သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုသူတွေ အရေးယူဖို့ ထိုင်းဝန်ကြီးချုပ် ကတိပြု


ထိုင်းနိုင်ငံတွင်းက ငါးဖမ်းလုပ်ငန်းခွင်။
ထိုင်းနိုင်ငံတွင်းက ငါးဖမ်းလုပ်ငန်းခွင်။

နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကို ကျေးကျွန်တွေလို ခိုင်းစေပြီး ဖမ်းယူ ရရှိတဲ့ ပင်လယ်စာတွေကို ထိုင်းနိုင်ငံ ဆိပ်ကမ်းတွေကနေ အမေရိကန် အပါ အဝင် နိုင်ငံတကာ ဈေးကွက်တွေထဲ တင်ပို့ရောင်းချနေတဲ့ အကြောင်း အေပီ သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပြီးနောက် အဓမ္မလုပ်အား ခိုင်းစေ နေတဲ့ ထိုင်း ကုမ္ပဏီတွေကို တရားဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ထိုင်း အစိုးရ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီသီတင်းပတ်ထဲ ထုတ်ဝေတဲ့ AP သတင်းဆောင်းပါးကို သူဖတ်ရကြောင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဘန်ကောက်ပို့စ်သတင်းစာကို ပြောကြား ခဲ့ပြီး ၊ ဒီလို ညှင်းပမ်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ သူ့အစိုးရက တိုးမြင့်လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

လူလူချင်း ခေါင်းပုံဖြတ်တာတွေ ဆက်လုပ်နေမယ်ဆိုရင် အဲဒီ ကုမ္ပဏီတွေကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းမှာ ဖြစ်သလို၊ အရေးယူ အပြစ်ပေး သွားမှာဖြစ် တယ်လို့ မစ္စတာ ပရာရွတ်က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ AP သတင်းမှာ မြန်မာအများစုပါဝင်တဲ့ နိုင်ငံခြားသား ငါးဖမ်း အလုပ်သမား တွေဟာ ထိုင်းလုပ်ငန်းရှင်တွေရဲ့ ကျေးကျွန်တွေလို မတရားခိုင်းစေတာ၊ နှိပ်စက် ညှင်းပမ်းတာတွေနဲ့ လှောင်အိမ်ထဲမှာ ပိတ်လှောင် ခံရတာတွေ ရှိကြောင်းဖော်ပြထားပါတယ်။

လူကုန်ကူးခံရမှု ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံ ငါးလုပ်ငန်း ကနေ ထွက်လာတဲ့ ပင်လယ်စာ အများအပြား အမေရိကန်နိုင်ငံကို တင်သွင်းနေတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အထူးစိုးရိမ်ကြောင်း နဲ့ နိုင်ငံခြား ရွှေ့ပြောင်း အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်အောင် လုပ်ဆောင်ဖို့ တောင်းဆိုကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဂျန်ဆာကီက ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG