သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR မဟာမင်းကြီး ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်အရေး ဆွေးနွေးမည်


ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်များ
ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်များ

UNHCR ကုသလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရှေ့သီတင်းပတ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့အခါ ထိုင်းနိုင်ငံအတွင်း ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို မိမိသဘောဆန္ဒအတိုင်း နေရပ်ပြန်ပို့ပေးရေး၊ တိုင်းပြည်မဲ့ ဖြစ်နေသူတွေကို တရားဝင် နေထိုင်ခွင့်ပြုရေးနဲ့ ပုံမှန်မဟုတ်တဲ့ ရှေ့ပြောင်းနေထိုင်မှု စတဲ့ အကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဟာ ထိုင်းနိုင်ငံကို မတ်လ ၂၈ ရက်နေ့မှာ ရောက်လာဖို့ရှိနေပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-o-cha ၊ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး Thaweep Netniyom တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံပြီး နောက်တနေ့မှာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟာ Tak ခရိုင်အတွင်းမှာရှိတဲ့ မြန်မာ ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အင်ဒိုချိုင်းနားဒေသက ဒုက္ခသည်တွေအတွက် လူသားချင်း စာနာတဲ့အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ၁၉၇၀ ခုနှစ်တွေကတည်းက UNHCR နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံက ဒုက္ခသည်တွေ တတိယနိုင်ငံတွေမှာ ရွေ့ပြောင်း အခြေချ နေထိုင်နိုင်အောင် ကူညီပေးခဲ့သလို ရိုဟင်ဂျာတွေကိုလည်း နေထိုင်ခွင့် ပေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်း - မြန်မာ နယ်စပ်ဒေသတလျှောက်မှာရှိတဲ့ ဒုက္ခသည် စခန်း ၉ ခုအတွက် UNHCR ၊ NGO အဖွဲ့အစည်းတွေရဲ့ ကူညီ ပံ့ပိုးမှုတွေနဲ့အတူ ထိုင်းအစိုးရက နေထိုင်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ အဲဒီ စခန်းတွေအားလုံးမှာ ဒုက္ခသည် တသိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက အခြေအနေတွေ ပြန်လည် ကောင်းမွန်လာတဲ့အခါ ဒုက္ခသည်တွေကို သူတို့သဘောဆန္ဒအလျှောက် နေရပ် ပြန်နိုင်ရေး ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို ထိုင်းနိုင်ငံက ကာလအတန်ကြာကတည်းက တိုက်တွန်း ပြောဆိုနေခဲ့တာပါ။

ထိုင်းနိုင်ငံအတွင်း ရောက်နေကြတဲ့ နိုင်ငံမဲ့ လူပေါင်း ၈၀,၀၀၀ ကို တရားဝင် နေထိုင်ခွင့်ပြုပေးနိုင်မယ့် ဆုံးဖြတ်ချက်တခု သူတို့အနေနဲ့ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျနီဗာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ထိုင်းကိုယ်စားလှယ် အဖွဲ့က တင်ပြခဲ့ပါတယ်။

စီးပွားရေးအခြေအနေအရ လာရောက်နေထိုင်နေသူတွေနဲ့ အကာကွယ်ပေးဖို့ လိုအပ်တဲ့သူတွေ ခွဲခြား စီစစ်မယ့် အဖွဲ့ကို ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း အဲဒီ ထိုင်းကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

UNHCR မဟာမင်းကြီး ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်အရေး ဆွေးနွေးမည်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG