သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေကြောင့် ထိုင်းစီးပွားရေးထိခိုက်


ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ စုဝေးနေတဲ့ ထိုင်းအစိုးရ ဆန့်ကျင်ကန့်ကွက်နေသူများ။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)
ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ စုဝေးနေတဲ့ ထိုင်းအစိုးရ ဆန့်ကျင်ကန့်ကွက်နေသူများ။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးသူတွေက ဆန္ဒပြပွဲတွေကို နေ့စဉ်လိုလို ပြုလုပ်နေတာမှာ မနက်ဖြန် ဇန်နဝါရီလ ၁၃ ရက်နေ့ကျရင်တော့ ဘန်ကောက်မြို့တော်ကို လာရောက်လည်ပတ်မှုတွေ ရပ်တန့်သွားတဲ့အထိ အရှိန်မြှင့် ဆန္ဒပြကြဖို့ကို ပြင်ဆင်နေကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံခြားသားတွေအတွက် ခရီးသွားသတိပေးချက်တွေလည်း ထုတ်ပြန်နေသလို၊ ဆန္ဒပြပွဲတွေ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေရှိလာနေတဲ့အကြောင်း အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အတိုက်အခံ ဒုဝန်ကြီးချုပ်ဟောင်း ဆူထက် သောင်ဆူဘန် ဦးဆောင်တဲ့ ဆန္ဒပြသူတွေက ဘန်ကောက်မြို့မှာ အစိုးရ လုပ်ငန်းတွေ လုံး၀ ရပ်ဆိုင်းသွားအောင် အဓိကကျတဲ့ လမ်းမကြီး အခု ၂၀ လောက်ကို ပိတ်ဆို့ပြီး အစိုးရဖြုတ်ချရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတရပ် မနက်ဖြန် တနင်္လာနေ့မှာ လုပ်ဆောင်မယ်လို့ ကြေညာ ထားတာကြောင့် မနက်ဖြန်မှာ ခရီးသွားကြမယ့် ခရီးသည်တွေအတွက် အချိန်မီရောက်နိုင်အောင်နဲ့ အန္တရာယ် မဖြစ်ရလေအောင် လေကြောင်းကုမ္ပဏီတွေနဲ့ ခရီးသွား လုပ်ငန်းရှင်တွေက ကြိုတင်အကြောင်းကြား သတိပေးမှုတွေ လုပ်ဆောင်နေတာပါ။ အထူးသဖြင့် ဘန်ကောက်မြို့ရဲ့ နိုင်ငံတကာလေဆိပ်ကြီး ၂ ခုဖြစ်တဲ့ ဒွန်မောင်းနဲ့ သုဝဏ္ဏဘုမိ ကနေ သွားလာကြမယ့် ခရီးသွားတွေကို ကြိုတင်သတိပေးနေတာဖြစ်တယ်လို့ Nature Dream ခရီးသွားကုမ္ပဏီပိုင်ရှင် ဒေါ်စံပယ်အောင် က ဗွီအိုအေကို ပြောပြပါတယ်။

“မနက်ဖြန် ဘန်ကောက်မှာ သူတို့ Shutdown လုပ်မယ့်ကိစ္စမှာ ကျမတို့က မြန်မာပြည်ကိုဝင်မယ့် ဧည့်သည်နဲ့ မြန်မာပြည်က ထွက်မယ့်ဧည့်သည်တွေကို သတိပေးရတာပေါ့နော်။ တကယ်လို့ သူတို့က ဒွန်မောင်းနဲ့ သုဝဏ္ဏဘုမိ နှစ်ခု ရှိတော့ လေဆိပ်တခုနဲ့တခု ပူးပြီးတော့မှ ပြည်ပကိုထွက်ခွာမယ့် နိုင်ငံခြားသား တိုးရစ်စ်အတွက်ကျတော့ တစ်ခုနဲ့တစ်ခုနဲ့ ကူးတဲ့အချိန်မှာ လုံခြုံရေးကို ကျမတို့ စိုးရိမ်တယ်။ အရင်တစ်ခါတုန်းက လေဆိပ်ကို ရပ်တန့် ထားတဲ့အနေအထားမျိုး ကျမတို့ ကြုံခဲ့ရပြီးပြီ။ အဲလို အခြေအနေမှာ ကျတော့ ကျမတို့ဆီကို ဝင်တဲ့ ဧည့်သည်ရော၊ ထွက်တဲ့ဧည့်သည်ရော ပိတ်ဆို့ထားမှုတွေကို ကြုံခဲ့ရတယ်။ အဲလိုအခြေအနေမျိုးဖြစ်မှာတော့ ကျမတို့က စိုးရိမ်တယ်ပေါ့။ မြို့ထဲမှာ Shutdown လုပ်တာထက် ကျမတို့ စိုးရိမ်မှု အကြီးဆုံးက လေဆိပ်မှာ Block တွေ ဖြစ်ကုန်မှာ ကျမတို့ တအားစိုးရိမ်တယ်။ အဲဒါဆိုရင်တော့ ဗမာပြည် အဝင်ရော၊ အထွက်ရော သွားပြီးတော့ ပိတ်မိမှာပဲ။ အဲဒါတစ်ခု စိုးရိမ်တယ်။ နောက်တစ်ခုကျတော့ လေယာဉ် Delay ဖြစ်တာ အဲဒါတစ်ခု စိုးရိမ်တယ်။”

တချို့ ခရီးသွားလုပ်ငန်းရှင်တွေကတော့ ဘန်ကောက်မှာ အခုလိုဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုများ လာနိုင်တယ် ဆိုပြီးတော့ ခန့်မှန်းမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ အခုလို လအတန်ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ ချိတ်ဆက်နေတဲ့ ဟိုတယ်လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ရှိလာနေတာပါ။ ဘန်ကောက်မြို့က မြန်မာနိုင်ငံသားတစ်ဦး ဖွင့်လှစ်ထားတဲ့ ဟိုတယ်မှာဆိုရင် ဧည့်သည်မရှိသလောက် ဖြစ်နေပြီး တချို့ ကြိုတင် Booking လုပ်ထားတာတွေကိုလည်း လှမ်းဖျက်ကြ တာတွေ ရှိတယ်လို့ ဟိုတယ်မန်နေဂျာ ဦးထွန်းက ပြောပြပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်း ဘန်ကောက်မှာ ဆေးကုဖို့ရောက် နေတဲ့ မြန်မာတွေအနေနဲ့လည်း အရင်လို ဆေးကုပြီးတာနဲ့ ဈေးဝယ်မထွက်တော့ဘဲ ချက်ချင်းပြန်ကြတာမျိုးတွေ ရှိနေတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။

“ဧည့်သည်ကတော့ တော်တော်နည်းသွားတယ်ဗျ။ ဒီနေ့ဆို အခန်းလုပ်တဲ့ သူတစ်ယောက်ဆိုလို့ရှိရင် ပုံမှန်သူ့မှာ ၁၁ ခန်းရှိတာမှာ ဒီနေ့ တစ်ယောက်မှ မရှိတော့ဘူး။ ပြန်သွားတယ်။ မနေ့တုန်းကလည်းပြန်တယ်၊ ဒီနေ့လည်းပြန်တယ်။ နောက်ပြီးတော့ ၃ ရက်နေ့ Booking တင်ထားတဲ့သူတစ်ယောက်ဆိုလို့ရှိရင် ၁၅ ရက်နေ့ကို သူ့ဟာသူ ဟိုဘက်ကနေ ရွှေ့သွားတယ်။

ဧည့်သည်တစ်ယောက်ဆိုလို့ရှိရင် ၁၂ ရက်နေ့ ပြန်ဖို့ လုပ်ထားတာ၊ အဲဒီအတိုင်း ၁၂ ရက်နေ့ ပြန်မယ်။ သူတို့ မနေ့က မြဘုရား သွားလည်တယ်။ မြဘုရားပြီး သွားလည်မယ့် အစီအစဉ်တွေ အကုန်လုံးကို ဖျက်လိုက်ရတယ်။ ဘာလို့လဲ ဆိုတော့ မြဘုရားသွားတဲ့လမ်းကြောင်းမှာ ဆန္ဒပြနေတာကြီးကို သွားတွေ့လို့။ အဲလိုမျိုး ပြန်သွားတဲ့သူတွေကတော့ တော်တော်များတယ်ဗျ။ လက်မှတ်ပြင်လို့ ရတဲ့သူ ပြင်ပြီး ပြန်ကြတယ်ဗျ။ အဲလိုမျိုး၊ အခု ကျနော် လေယာဉ်ကွင်းမှာဗျ။ အခု လေယာဉ်ကွင်းမှာ အခုန Departure Floor မှာတော့ လူနည်းနည်းများတယ်ဗျ။ Arrival Floor မှာတော့ လူနည်းနည်း နည်းတယ်။ ပြန်တဲ့သူ နည်းနည်း ပိုများတယ်။ လေယာဉ်ကွင်းလုံခြုံရေးကတော့ ယူနီဖောင်းနဲ့ အရင်တုန်းကထက် ပိုများနေတယ်ဗျ။”

အလားတူ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေဈေး မတည်မငြိမ် ဖြစ်ပြီး ငွေလွှဲလုပ်ငန်းတွေလည်း ထိခိုက်လာ နေသလို၊ ဘန်ကောက်ကနေ နယ်စပ်တွေကို ကုန်ပစ္စည်း ပို့ဆောင်ရာမှာလည်း နှောင့်နှေးမှုတွေ၊ အချိန်မီ ကုန်စည် မပို့နိုင်တာတွေ ဖြစ်လာနေတာကြောင့် ကုန်သည်တွေလည်း အခက်အခဲ ကြုံနေကြတာဖြစ်ပါတယ်။

အခုဆိုရင် ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် ဘန်ကောက်မြို့က စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။ နိုင်ငံခြားသားတွေအတွက် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သံရုံးတွေကနေ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်နေသလို မြန်မာသံရုံးကလည်း ဒီဆန္ဒပြပွဲတွေမှာ မြန်မာတွေ မပါဝင်ကြဖို့၊ အန္တရာယ်မဖြစ်ရလေအောင် သတိထား ရှောင်ရှားကြဖို့နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို မထိခိုက်စေဖို့တွေ သတိပေးထားပါတယ်။

ဒီကနေ့မှာတော့ အမြဲတမ်းလိုလို လူစည်ကားလေ့ရှိတဲ့ ဘန်ကောက်မြို့လယ် နေရာတော်တော်များများမှာ လူအသွားအ လာ နည်းပါးပြီး လုံခြုံရေးတွေ ကိုလည်း အရင်ကထက် ပိုချထားတာတွေ့ရတယ်လို့ ဘန်ကောက်က မြန်မာ တစ်ဦး ကလည်း ပြောပြပါတယ်။ အခုလို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက တနင်္လာနေ့မှာ ဆန္ဒပြပွဲတွေကို အကြီးအကျယ် လုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဒါကို တန်ပြန်ဆောင်ရွက်တဲ့အနေနဲ့ အင်္ကျီအနီဝတ် အစိုးရထောက်ခံသူတွေကလည်း ဘန်ကောက်မြို့ပြင်မှာ စုဝေး ဆန္ဒပြကြဖို့ စီစဉ်နေကြပါတယ်ရှင်။
XS
SM
MD
LG