ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တိုင်းပြည်ပြန်လာနိုင်ဖို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြမှုကြီးတခု ဒီနေ့ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူပေါင်း ၁၀၀၀ ကျော်ဟာ ဘန်ကောက်မြို့က အဓိကလမ်းမကြီး တခုဖြစ်တဲ့ Silom လမ်းမကြီးကို နေ့လည်ထမင်းစား လူစည်ချိန်မှာ ပိတ်ဆို့ပြီး ဝန်ကြီးချုပ် သက်ဆင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းကို အောက် လွှတ်တော်ထဲမှာ အတည်ပြုပေးလိုက်တာကို မကျေမနပ်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေအနေနဲ့ ဝီစီခရာတွေမှုတ်ပြီး လမ်းပိတ်ဆန္ဒပြခဲ့ကြတာကြောင့် အဓိကစီးပွားရေး အချက်အချာ နေရာဖြစ်တဲ့ Silom လမ်းမကြီးမှာ ယာဉ်သွားလာမှု ခေတ္တပိတ်ဆို့သွားခဲ့ရပါတယ်။
ဒါ့အပြင် ဘန်ကောက်မြို့ရဲ့အခြားနေရာတခုမှာလည်း အတိုက်အခံ ဒီမိုကရက်ပါတီက ဦးဆောင်လုပ်တဲ့ အလားတူ ဆန္ဒပြပွဲတွေဟာ ကြာသာပတေးနေ့ကတည်းက ဖြစ်လာခဲ့ရာမှာ လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆန္ဒပြနေကြပါတယ်။
ဒီအတိုက်အခံပါတီက မစ္စတာ သက်ဆင်ရဲ့ညီမဦးဆောင်တဲ့ လက်ရှိအစိုးရပါတီအနေနဲ့ မစ္စတာသက်ဆင်နံမည်ပျက်ခဲ့တာကို ပြန်ပြီး အဖတ်ဆည်ဖို့ ခုလို လွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းသစ်သစ်တင်သွင်းလာတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအတည်ဖြစ်သွားရင် မကြာခင်နှစ်တွေက ထိုင်းနိုင်ငံကို ကြီးကြီးမားမားအကွဲအပြဲတွေဖြစ်စေခဲ့တဲ့ ရှပ်နီ၊ ရှပ်ဝါ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်သူတွေအတွက်ပါ အကျုံးဝင်သွားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်သက်ဆင်အနေနဲ့ ၂၀၀၈ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့သွားတဲ့ ခရီးစဉ်အတွင်း စစ်တပ်ရဲ့ အာဏာသိမ်းမှုခံရခဲ့ပြီး ယခုအချိန်အထိ ပြည်ပမှာခိုလှုံနေခဲ့တာ ဖြစ်ပါတယ်။