မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတပတ်ကျော်ကြာ အတန်ငယ် မကျန်းမမာ ဖြစ်နေခဲ့ရာက ဒီကနေ့ ပထမဆုံး အကြိမ်အဖြစ် ပါတီလုပ်ငန်းတွေကို ပြန်လုပ်နေပါပြီ။ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ကျင်းပတဲ့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းမောင်ရဲ့ မွေးနေ့ပွဲ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေနဲ့အတူ သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတပတ်ကျော်ကြာ၊ နှစ်ပတ်နီးပါး နာမကျန်းဖြစ်ပြီး နေအိမ်မှာပဲ အနားယူနေခဲ့ရာက ဒီကနေ့ မနက်မှာတော့ စာပေနဲ့ နိုင်ငံရေးလောကက လူတော်တော်များများနဲ့အတူ သခင်သိန်းမောင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
“အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့မနက် ရန်ကုန်မြို့၊ တာမွေ၊ နတ်ချောင်း၊ မဟာသန္တိသုခ ခန်းမမှာ ကျင်းပတဲ့ သခင်သိန်းမောင်ရဲ့ မွေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို တက်ရောက်ပါတယ်။ သခင်သိန်းမောင်ရဲ့ မွေးနေ့ ဧည့်ခံပွဲမှာ ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဆရာ ဦးဝင်းတင်၊ နောက် ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တခြားတခြား နိုင်ငံရေးလောက၊ စာပေလောကမှာ ရှိတဲ့ ဝါရင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ နောက် ဆရာ ပါရဂူတို့၊ ဆရာ ဒဂုန်တာရာတို့ စတဲ့ စာပေနယ်ပယ်က ပုဂ္ဂိုလ်ကြီးများလည်း တက်ရောက်တာ တွေ့ရပါတယ်။”
ဆရာကြီး ဒဂုန်တာရာနဲ့ ဆရာကြီး ပါရဂူတို့က မွေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ သခင်သိန်းမောင်ရဲ့ နိုင်ငံရေး စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြောကြားပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်တွေကို စကားပြောကြားခဲ့ပါတယ်။
“အထွေထွေ အတွင်းရေးမှူးကတော့ ကျနော်တို့ လူငယ်တွေဟာ လူကြီးတွေရဲ့ အမွေတွေကို ဆက်ခံရမှာ တာဝန်ရှိတယ်၊ ဆက်ခံဖို့ တာဝန်ရှိတယ်။ အဲဒီနေရာမှာ နည်းတွေ၊ ဘယ်လို စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့တယ်ဆိုတဲ့ နမူနာတွေ ယူပြီးတော့ ဒီကနေ့ ရောက်နေတဲ့ အခြေအနေနဲ့ ကျေနပ် ရောင့်ရဲ မနေဘဲနဲ့ အနာဂတ်မှာ ဒါ့ထက် ကောင်းသထက် ကောင်းအောင် ဆက်လက်ပြီးတော့ ဖော်ဆောင်သွားကြဖို့ လူငယ်တွေမှာ တာဝန်ရှိတယ်လို့ အလေးအနက် ပြောကြားသွားပါတယ်။ အဲဒီနောက် အထွေထွေ အတွင်းရေးမှူးက တက်ရောက်လာကြတဲ့ ပရိသတ်တွေကိုလည်း မပြန်ခင်မှာ အပြင်လောက၊ နိုင်ငံရေးလောကက ပုဂ္ဂိုလ် အသီးသီးကိုလည်း နှုတ်ဆက်ပါတယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ နေ့မှာ ပင်လယ်စာ အစားမှားရာက အထက်လှန် အောက်လျှော ဖြစ်ပြီး အနားယူဖို့ ဆရာဝန်က အကြံပေးတာကြောင့် အဲဒီကတည်းက အိမ်မှာပဲ နားနေခဲ့တာပါ။ ဒီကြားထဲ ကျန်းမာရေး ပြန်ကောင်းလာပေမဲ့လည်း ရုံးမတက်သေးဘဲ အိမ်ကနေပဲ လုပ်စရာရှိတာတွေကို ဆက်လုပ်နေခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေကို လက်ရှိ လုပ်ဆောင်နေကြတဲ့ NLD အဖွဲ့ဝင် မဟုတ်တဲ့ လူငယ်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ လူငယ်တွေ့ဆုံပွဲကို အကြောင်းကြောင်းကြောင့် တက်ခွင့်မရလိုက်တဲ့ ပြည်နယ်၊ တိုင်း အသီးသီးက လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နဲ့၊ ၉ ရက်နေ့တွေမှာ ၂ ရက်ခွဲပြီး ထပ်မံ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
“လူငယ်ညီလာခံကို ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ မနက် ၉ နာရီခွဲကနေ စပြီးတော့ တနေကုန်ပေါ့၊ ၈ ရက်နေ့က တပွဲ၊ ၉ ရက်နေ့တပွဲ၊ သီးခြားစီ လူငယ်တွေ တက်ရောက်ကြမှာပါ။ အထွေထွေ ညီလာခံဆိုတာ NLD မဟုတ်သော ပြင်ပ လူငယ်များနဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ တွေ့ဆုံပွဲကို ပြောတာပါ။ အရင်တခါ ၂၈ ရက်နေ့ကလိုပဲ အထွေထွေ အတွင်းရေးမှူးနဲ့ တွေ့ဆုံပွဲ ဖြစ်အောင် ကျနော်တို့က ဖြစ်အောင် စီစဉ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲတော့ တက်ရောက်မယ့် ပုဂ္ဂိုလ်က ၅၀၀ ကျော်လောက် ဖြစ်နေတော့ ကျနော်တို့ အခန်းက တဝက်စီလောက်ပဲ ဆန့်မယ်လေ၊ အဲဒါကြောင့် ကျနော်တို့က ၂ ရက်ခွဲပြီး လုပ်လိုက်ပါတယ်။
“ပထမ ၈ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နောက် တခြား မကွေးတိုင်းတို့ ဘာတို့ အဲဒီမြို့နယ်တွေက လူငယ်တွေ၊ နောက် ကရင်ပြည်နယ်တို့ ဘာတို့က လူငယ်တွေ တက်ပါမယ်။ ၉ ရက်နေ့မှာတော့ အထက်မြန်မာပြည်က ကချင်တို့၊ ရှမ်းတို့၊ မန္တလေးတိုင်းတို့၊ တိုင်းရင်းသားတွေ အပါအဝင် စစ်ကိုင်းတိုင်းတို့၊ အဲဒီက လူငယ်တွေ တက်ရောက်ဖို့ ဖြစ်ပါတယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လူငယ်ညီလာခံကိုတော့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ လူငယ်တွေ တက်ရောက်ခဲ့ကြတာ များပါတယ်။ အဲဒီညီလာခံမှာ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ မပါလို့ မဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးကတည်းက လူငယ်တွေကြား ဆက်သွယ်မှုတွေ ကောင်းမွန်လာအောင်နဲ့ လူငယ်တွေ အသိပညာ၊ ဗဟုသုတ တိုးပွားလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်ကွန်ရက်တွေ ဖွဲ့ဖို့ လိုတယ်လို့ ပြောကြားခဲ့တဲ့အတိုင်း လူငယ်တွေ့ဆုံပွဲတွေ၊ စာပေဆွေးနွေးပွဲတွေကို စီစဉ် ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။