သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သခင်တင်မြ ကွယ်လွန်


သခင်တင်မြရဲ့နာမည်ကျော် ဘုံဘဝမှာဖြင့် စာအုပ်
သခင်တင်မြရဲ့နာမည်ကျော် ဘုံဘဝမှာဖြင့် စာအုပ်

ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးကြီးတဲ့နေရာတွေက ပါဝင်ခဲ့သူတယောက်လည်းဖြစ်တဲ့ သခင်တင်မြဟာ ဒီကနေ့မနက်ပိုင်းက လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန် အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ သခင်တင်မြဟာ ဓနုဖြူဇာတိဖြစ်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ အရေးပါတဲ့အဖွဲ့အသီးသီးရဲ့ ထိပ်တန်းနေရာတွေမှာ တာဝန်ယူခဲ့ဖူးပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကာလ တို့ဗမာအစည်းအရုံးကနေ သခင်ဘွဲ့ခံ နိုင်ငံရေးစလုပ်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွေမှာ ဗဟိုကော်မတီတာဝန်တွေ ယူခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီးအပြီးကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း စစ်အစိုးရဦးဆောင်ပြုလုပ်တဲ့ အမျိုးသားညီလာခံကိုထောက်ခံခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝေဖန်သူတဦး ဖြစ်လာပြန်ပါတယ်။ အဲဒီလို သူ့ရဲ့နိုင်ငံရေးအရောင်အသွေး အပြောင်းအလဲအမျိုးမျိုးကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ သခင်တင်ပြဟာ ဖက်ဆစ် တော်လှန်ရေးနဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေမှာတုန်းကလည်း အရေးပါတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ခဲ့ပြီး လွတ်လပ်ရေးရပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ထောင်တွင်း အကျဉ်းချတာလည်း ခံခဲ့ရပါတယ်။

၁၉၆ဝ ပြည်လွန်နှစ်တွေတုန်းက အဖမ်းခံရစဉ်အတွင်း ထောင်ထဲမှာ စတင်ရေးခဲ့တဲ့ “ဘုံဘဝမှာဖြင့်” လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနောက်ခံ မှတ်တမ်းစာအုပ်ဟာ နိုင်ငံရေးလောကမှာရော စာပေလောက မှာပါ ထင်ရှားတဲ့ နိုင်ငံရေးနောက်ခံ ဝတ္တုတအုပ်ဖြစ်ခဲ့ပါတယ်။ ၁၉၉ဝ မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်နွယ်ပြီး ထောင်ချခံခဲ့ရပါတယ်။
သခင်တင်မြ ဈာပနကိုတော့ မတ်လ ၂ ရက်နေ့ကျရင် ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

XS
SM
MD
LG