ထိုင်းနိုင်ငံက အလိုရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ပေးလိုက်တယ်လို့ ဂျပန် တာဝန်ရှိသူတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
မစ္စတာ သက်ဆင်ဟာ မတ်လ ၁၁ ရက် ငလျင်နဲ့ ဆူနာမီဘေး သင့်ခဲ့တဲ့ ဒေသကို သွားရောက်ပြီး ဒုက္ခသည်တွေကို တွေ့ဆုံ စကားပြောဆိုနိုင်ဖို့အတွက် ဂျပန် ပြည်ဝင်ခွင့်ဗီဇာ ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လောလောဆယ် မစ္စတာ သက်ဆင်ဟာ UAE အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမှာ နေထိုင်နေတာပါ။
ထိုင်းတရားရုံးက မစ္စတာ သက်ဆင်ကို အဂတိ လိုက်စားမှုနဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ထားတာ ဖြစ်တာကြောင့် ဂျပန်နိုင်ငံအနေနဲ့ တရားဝင် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခွင့် မရှိပါဘူး။ အခု အထူးကိစ္စရပ် အနေနဲ့သာ ခွင့်ပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရင် ထိုင်းအစိုးရက သူ့ကို ဖမ်းဆီး လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မစ္စတာ သက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) ဦးဆောင်တဲ့ ထိုင်းအစိုးရကတော့ နိုင်ငံရေးအရ သက်ဆင်ကို နှိပ်ကွပ်တာ ခံရတယ်ဆိုတဲ့ သက်ဆင်ရဲ့ ပြောဆိုချက်ကို ပိုပြီး စာနာနေပုံ ရပါတယ်။
အခု မစ္စတာ သက်ဆင်ကို ပြည်ဝင်ခွင့်ဗီဇာ ပေးရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ ဂျပန် သံတမန်တွေ အကျေအလည် ဆွေးနွေးခဲ့ကြရတယ်လို့ ဂျပန် တာဝန်ရှိသူတွေက ပြောပါတယ်။