သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းနိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေး


၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းနိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေး
၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းနိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေး

ပြည်ပမှာခိုလုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်ကို နိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေး လိုက်ပြီလို့ ထိုင်းအစိုးရက ဒီကနေ့ ထုတ်ပြောလိုက်ပါတယ်။ အာဏာ အလွှဲသုံးစာမှုနဲ့ ထောင်ချခံရတာကို ရှောင်လွှဲဖို့ ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပမှာ ခိုလုံနေခဲ့တဲ့ သန်းကြွယ်သူဌေး သက်ဆင်ကို ဆန့်ကျင်သူတွေက ပြင်းပြင်းထန်ထန် အတိုက်အခံ လုပ်နေတဲ့ကြားထဲကပဲ အခုလို ထုတ်ပေးလိုက်တာပါ။ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်ရဲ့ အစ်ကို မစ္စတာ သက်ဆင်အနေနဲ့ ဒီနိုင်ငံကူးလက်မှတ်သစ်ကို အောက်တိုဘာလ ကတည်းက အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံက အဘူဒါဘိုင်း ထိုင်းသံရုံးကနေ လက်ခံရရှိပြီး ဖြစ်တယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Thani Thongphakdi က အခုလို ရိုးရိုး နိုင်ငံကူးလက်မှတ် ထုတ်ပေးတာက သူ့ကို နိုင်ငံထဲပြန်လာဖို့ ဒါမှမဟုတ် သူ့မှာ အပြစ်ရှိမရှိနဲ့ မဆိုင်ဘူး၊ သူ့ရဲ့ ထိုင်းနိုင်ငံသား ဖြစ်မှုကို အသိအမှတ်ပြုတာပဲ ဖြစ်တယ်လို့ လျှော့ပေါ့ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီး လာဘ်စားမှုနဲ့ ထောင်ဒဏ် ၂ နှစ်ကျခံရမှာကို ဒူဘိုင်း နိုင်ငံမှာ တိမ်းရှောင်နေခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့ ထိုင်းအစိုးရဟောင်း လက်ထက်မှာ ၂၀၀၉ ခုနှစ်တုန်းက နိုင်ငံကူးလက်မှတ် ပြန်သိမ်းတာ ခံခဲ့ရတာပါ။ အဲဒီနောက်မှာတော့ သက်ဆင်ဟာ မွန်တေနီဂရိုး နိုင်ငံကူးလက်မှတ် သုံးခွင့် ရခဲ့ပါတယ်။ သူ့ကို ထောင်ဒဏ်ချတာဟာ နိုင်ငံရေးအရ ကြံစည် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ခုခံကာကွယ် ခဲ့အပြီးမှာ ထိုင်းနိုင်ငံထဲမှာ အဓိက အကွဲအပြဲတွေ ဖြစ်စေတဲ့လူတစ်ဦးအဖြစ်နဲ့ ထင်ရှားလာပြီး ဒီနှစ်ဆန်းကတက်လာတဲ့ သူ့ညီမ ဦးဆောင်တဲ့ အစိုးရသစ်က သူ ပြန်လာနိုင်ဖို့ ဘုရင်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထွက်တဲ့သတင်းတွေအပေါ် သက်ဆင်ရဲ့ အတိုက်အခံတွေဘက်မှာ မကျေမနပ် တင်းမာမှုတွေ တိုးပွားလာနေခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရဘက်ကတော့ ဘုရင်ရဲ့ခွင့်လွှတ်မှုကို မတောင်းခံထားဘူးလို့ တရားဝင် ငြင်းဆိုထား ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ အင်္ကျီနီဝတ် ဆန္ဒပြသူတွေက ၂၀၁၀ ခုနှစ်မှာ အရင်အစိုးရဟောင်းကို အကြီးအကျယ် ဆန္ဒပြကန့်ကွက်ခဲ့ရာကနေ စစ်တပ်က နှိမ်နင်းခဲ့တာကြောင့် သွေးထွက်သံယိုမှုတွေနဲ့ အဆုံးသတ်ပြီးတော့မှ ဒီနှစ်ဆန်း ရွေးကောက်ပွဲတွေမှာ သူ့ညီမ နေရာရလာခဲ့တာပါ။
တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြသူ ၁၀၀ ခန့်က အမေရိကန်နဲ့ နိုင်ငံတကာ အနေနဲ့ ထိုင်းဘုရင်ကို အသရေဖျက်မှု ဥပဒေနဲ့ အပြစ်ပေးတာကို မကန့်ကွက်ကြဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG