သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတိုက်အခံတွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တွေ့ဆုံမှု အစိုးရနဲ့ သက်ဆိုင်မှုမရှိ (ထိုင်းနိုင်ငံခြားရေးဝန်ကြီး)


ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် Maris Sangiampongsa
ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် Maris Sangiampongsa

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဟာ ထိုင်းအစိုးရနဲ့ ပတ်သက်မှုမရှိဘူးလို့ မကြာသေးခင်ကမှ ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ Maris Sangiampongsa က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Thaksin က စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဟာ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်တာသာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တကယ်လို့ မြန်မာအတိုက်အခံအဖွဲ့က ဝန်ကြီးချုပ်ဟောင်း Thaksin ထံကနေ အကူအညီရဖို့ တောင်းခံခဲ့တာဆိုရင်လည်း သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ဆောင်မှုသာဖြစ်ကြောင်းနဲ့ ဒီလိုတွေ့ဆုံမှုဟာ ထိုင်းနိုင်ငံအစိုးရနဲ့ သက်ဆိုင်မှုမရှိသလို၊ ဒီလိုတွေ့ဆုံမှုကို မီဒီယာတွေကတဆင့် အခုမှသိရတဲ့အတွက် အသေးစိတ်ပြောဆိုဖို့ မရှိသေးဘူးလို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာပြစ်ဒဏ်ချခံထားရာကနေ လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ခေါင်းဆောင် နဲ့ တွေ့ဆုံခဲ့သလို၊ မတ်လ လယ်တုန်းကလည်း KNO ကချင်အဖွဲ့၊ KNU ကရင်အဖွဲ့၊ KNPP ကရင်နီအဖွဲ့၊ အပြင် NUG က ကိုယ်စားလှယ်တွေနဲ့ပါတွေ့ဆုံခဲ့တာပါ။
နိုင်ငံရေးလေ့လာသူအချို့ကတော့ အရင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ရာထူးမှ နုတ်ထွက်ရတဲ့ အကြောင်းရင်းတွေထဲမှာ Thaksin က ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးရာ ကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်လာတဲ့အတွက်ကြောင့်လို့ ခန့်မှန်းကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ကတော့ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေအပေါ် အလေးအနက် ထားကြောင်းပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာနဲ့အမျှ ထိုင်းနိုင်ငံဘက်မှာပါ အခက်အခဲတွေဖြစ်လာ နိုင်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံရဲ့ မူဘောင်အတိုင်း မြန်မာနိုင်ငံကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ဆက်လက် ပေးအပ်သွားမယ်လို့လည်း သူကပြောပါတယ်။

Forum

XS
SM
MD
LG