သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညမထွက်ရအမိန့်ထုတ်ပြီး သံတွဲ အခြေအနေ ပြန်တည်ငြိမ်


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မီးလောင်နေတဲ့ အိမ်တွေဘက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အပြေးအလွှားသွားနေစဉ် (၁၂ ဇွန် ၂၀၁၂)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မီးလောင်နေတဲ့ အိမ်တွေဘက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အပြေးအလွှားသွားနေစဉ် (၁၂ ဇွန် ၂၀၁၂)
အမျိုးသမီးငယ်တစ်ဦးကို မတော်မတရား ပြုတယ်ဆိုတဲ့သတင်းကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ညက မီးရှို့အကြမ်းဖက် တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပေမဲ့ ဒီမနက်မှာတော့ အခြေအနေတွေက ငြိမ်သက်သွားပြီလို့ ပြည်နယ်အစိုးရရဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးလိုက်ပြီး ဒီအကြမ်းဖက် မီးရှို့မှုကြောင့် တဲအိမ်တစ်လုံးနဲ့ နေအိမ်အချို့ မီးလောင်ခဲ့ပေမဲ့ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ပြောပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့က နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သံတွဲမြို့မှာ ဇွန်လ ၃၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တာတွေဟာ အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်ပြီး ထိန်းသိမ်းလိုက်တဲ့နောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာတွေဟာ ပြန်လည် ငြိမ်သက်ခဲ့တာဖြစ်ပါတယ်။ သံတွဲမြို့ရဲ့ အခြေအနေကိုတော့ ပြည်နယ်အစိုးရရဲ့ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင် က ပြောပါတယ်။

“ဒီနေ့မနက်ကတော့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့သူ နှစ်ယောက်ကိုတော့ ဖမ်းမိထားပါပြီ။ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ ၁၂ နာရီနောက်ပိုင်း ညမထွက်အမိန့်ကို လိုက်အော်ပြီးတဲ့နောက်ပိုင်းမှာ ဘာမှ ပြဿနာ ကြီးကြီးမားမား မရှိတော့ပါဘူး။ ဒီမနက်အထိ အေးအေးဆေးဆေးပါပဲ။”

သံတွဲမြို့မှာ အခုလို အကြမ်းဖက်တာတွေ စတင်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ -

“သြော် သံတွဲဖြစ်စဉ်က ဒီလိုပါ။ ၂၉ ရက်နေ့ကပေါ့ အမျိုးသမီးတစ်ယောက်က သူ့အဒေါ်ဆီကနေပြီးတော့ သံတွဲကို ပြန်လာတယ်။ သံတွဲကနေမှ တာလေးမှာ နေပြီး တောင်ကုတ်သွားဖို့ သူ စီစဉ်တယ်ပေါ့။ အဲ့လို စီစဉ်တုန်းမှာ ဆိုင်ကယ် ကယ်လီသမားတစ်ယောက်က လိုက်ပို့ပေးမယ်ဆိုပြီး ခေါ်သွားတာ။ အဲ့လို ခေါ်သွားတဲ့ဟာကို တခါ ည မိုးချုပ်လို့ဆိုပြီး မသွားဖြစ်လို့ အဲ့ဒီ ဆိုင်ကယ် ကယ်လီရဲ့အဒေါ်ဆီမှာ အိပ်ကြတယ်။ အဲ့ဒီညမှာ ဘုရားသွားမယ်ဆိုပြီးတော့လည်း အရင်ဖြစ်ကြတယ်ပေါ့။ ည ၉ နာရီလောက်မှာ။ မသွားဖြစ်ဘူး။ အဲ့ဒီညမှာ ပြဿနာ နည်းနည်းဖြစ်ကြတယ်။ တခါ အဲ့ဒီကနေ ပြန်လာတယ်။ မနက်ကျတော့ ၈ နာရီလောက်မှာတခါ တောင်ကုတ်ကို သွားမယ်ဆိုပြီးတော့ ဆိုင်ကယ်နဲ့ ပြန်ထွက်တယ်။ ထွက်ပြီးမှတခါ အဲ့လို ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တဲ့အခါကျတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ဖြစ်တော့ ကောင်မလေးကို ထားပစ်ခဲ့တယ်။ အဲ့ဒီမှာ ဘေးနားက တစ်ယောက်က မြင်တော့ ဘာဖြစ်လဲ ဘာညာမေးပြီးတော့ ရဲစခန်းကို ပို့ပေးတယ်။ ဖြစ်စဉ်ကတော့ အဲ့ဒါပါပဲ။”

နောက်ပိုင်း ဆက်လက်ပြီး ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အကြောင်းကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“သူ ရဲစခန်းကို ပို့တဲ့အချိန်မှာ ၄ နာရီခွဲ ၅ နာရီလောက်ပေါ့။ ၅ နာရီလောက်ကျတော့ ဒီလူ ၄၀၊ ၅၀ လောက်က သတင်းမေးတာလည်း ရှိမှာပေါ့ဗျာ။ လာကြည့်တာတွေလည်း ရှိမယ်။ စုံစမ်းတာလည်းရှိမှာပေါ့။ လူများလာတဲ့အတွက် လုံခြုံရေးအဖွဲ့ကနေ အရေးယူ ဆောင်ရွက်မယ်ဆိုပြီးတော့ ရှင်းလိုက်တဲ့အတွက် ပြန်သွားကြတယ်။ အဲ့ဒီ ပြန်သွားပြီးတော့ လမ်းမှာတွေ့တဲ့ ကုန်တင်ကား နှစ်စင်းကိုပေါ့ ရပ်ကွက်နားမှာရှိတဲ့ ကုန်တင်ကားနှစ်စင်းကို မှန်တွေ ဘာတွေ ရိုက်ခွဲကြတယ်။ အဲ့ဒါကိုလည်း လုံခြုံရေးအဖွဲ့က တားဆီးလိုက်တော့ ပြီးသွားပြီးတော့ တခါ ၉ နာရီလောက်ကျမှ တဲအိမ်တစ်လုံးကို မီးရှို့တယ်လို့ သတင်းရတယ်။ သတင်းရတော့ အဲ့ဒီမှာ လုံခြုံရေးအဖွဲ့ကပဲ သွားပြီး ဝိုင်းဝန်းမီးငြိမ်းသတ်တယ်။ ၄ - ၅ အိမ် တစ်လုံးမှာ သူက လောင်တဲ့အထဲ ပါသွားတယ်။ လောင်တာတော့ အဲ့ဒီအိမ် ၂ လုံးထဲပါပဲ။ နောက် အဲ့ဒီမှာ ဆိုင်ကယ်လ် ၁ စီး၊ ၂ စီး ပျက်စီးတာ၊ စက်ဘီး ၁ စီး ပျက်စီးတာ အဲ့လောက်ပါပဲ။ လူ ထိခိုက်တာ ဘာညာ ဘာမှ မရှိပါဘူး။”

ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဦးဝင်းမြိုင်ကတော့ ဒီကနေ့မနက်မှာ ဈေးနဲ့ ကျောင်းတွေလည်း ပုံမှန်ဖွင့်ထားတယ်။ ရခိုင်ပြည်နယ်က တခြားမြို့ရွာတွေမှာလည်း အေးချမ်းစွာပဲ ရှိနေတယ်လို့ ပြောပါတယ်။

သံတွဲဒေသခံ အစ္စလာမ်ဘာသာဝင်တစ်ဦးကတော့ ဒွါရာဝတီမြို့သစ်ဘက်မှာ အကြမ်းဖက်တာတွေ အများဆုံးဖြစ်ခဲ့ပြီး၊ အိမ် ၆လုံးမီးရှို့ခံရသလို အိမ် ၃၀ ကျော် ဖျက်ဆီးခံရတယ်လို့ ပြောပါတယ်။

“မီးရှို့ခံရတဲ့အိမ်က ၆ လုံးပေါ့ မီးရှို့ခံရတာ ၆ လုံး မူဆလင် အိမ်တိုင်းလိုလိုက အဖျက်ခံရတယ်ပေါ့နော် အနည်းအများတော့ ရှိတာပေါ့။ အပျက်အစီးက အိမ်ခြေက သူကပြောတာက ၃၈ အိမ်လောက် ရှိတယ်လို့ ပြောပါတယ်။”

သံတွဲမီးသတ်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ အိမ် ၅ လုံး မီးလောင်ကြောင်းပြောပေမဲ့ အဖျက်စီးခံရတယ်ဆိုတာကိုတော့ မသိကြောင်း တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပါတယ်။ သံတွဲမြို့က ဒေသခံ အမျိုးသမီးတစ်ဦးကတော့ ဒီကနေ့ သံတွဲမြို့မှာ ဈေးတွေ၊ ကျောင်းတွေ တရားဝင် ပိတ်တာမရှိပေမဲ့ လာတဲ့သူမရှိကြောင်း ပြောပါတယ်။

“ဈေးဆိုင်တွေကတော့လေ သူတို့ မူဆလင်တွေကတော့ မဖွင့်ဘူး။ မဖွင့်ဘူးဆိုတာက မူဆလင် အကုန်လုံးတော့လည်း မဟုတ်ဘူး။ တချို့တလေပဲ ဖွင့်တယ်။ ဗုဒ္ဓဘာသာဆိုင် ဆိုရင်လည်း နည်းနည်းပါးပါးလေးပဲ။ အများစုကတော့ မဖွင့်ဘူးပေါ့။ ၄ - ၅ - ၁၀ ဆိုင်လောက်ပဲ ရှိမယ်။ ဖွင့်တဲ့ဆိုင်တွေကလည်း ဘယ်နှစ်နာရီလောက်ပဲ ရှိမလဲဆိုရင် ၁၁ နာရီလောက်ပဲ။ ဈေးဝယ်တဲ့သူလည်း မရှိ၊ ဘာလဲမရှိဆိုတော့ အကုန် သိမ်းပြီးတော့ ပြန်လာကြတာ။ ၁၂ နာရီလောက်ဆို။ မီးတွေ ဘာတွေကလည်း သိပ် စိတ်မချရဘူး။ စိတ်မချရတော့ တောတွေဘာတွေဆိုရင် ပြန်ပြီးတော့ ကိုယ့်သားသမီးလေးကိုယ် ခေါ်ကြတယ်။ တရားဝင် မပိတ်ပေမဲ့လို့ ကျောင်းသားတွေက မရှိဘူးပေါ့။”

ပြီးခဲ့တဲ့ညက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခဟာ လတ်တလော အခြေအနေမှာ ငြိမ်သက်နေပေမဲ့ မြို့ခံလူထုတွေဟာ စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်တယ်လို့
ပြောပါတယ်။ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် သံတွဲမြို့မှာ လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ တာဝန်ရှိသူ မြို့မိမြို့ဖတွေက ဝိုင်းဝန်းထိန်းသိမ်းခဲ့တာကြောင့် လူစုကွဲသွားကြောင်း မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် ညဘက် အပြင်မထွက်ဖို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံထားကြောင်း ဖော်ပြ ထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား လွန်ခဲ့တဲ့ မေလက စတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတဝှမ်းမှာ လူပေါင်း ၂၄၀ ကျော်လောက် သေဆုံးခဲ့ရပြီး ၁ သိန်းခွဲလောက်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။
XS
SM
MD
LG