သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲပဋိပက္ခနောက်ဆက်တွဲ လူ ၃၀ ထက်မနည်း အဖမ်းခံထားရ


မီးလောင်ပုံကို ရှင်းလင်းနေသူတစ်ဦး။ အောက်တိုဘာ ၃၊ ၂၀၁၃။
မီးလောင်ပုံကို ရှင်းလင်းနေသူတစ်ဦး။ အောက်တိုဘာ ၃၊ ၂၀၁၃။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ အခြေအနေတွေ ဆက်ရှိ နေသေးပါတယ်။ ဒါ့အပြင် ပေါက်တောနဲ့ လင်းသီရွာတွေဘက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီးတော့ အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရ သူ အယောက် ၃၀ လောက်ထိ ရှိသွားပြီလို့လည်း ခန့်မှန်း ပြောဆိုကြပါတယ်။ သံတွဲမြို့နဲ့ပတ်ဝန်းကျင်ဒေသရဲ့ နောက်ဆုံး အခြေအနေနဲ့ အဖမ်းအဆီးသတင်းတွေကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အချင်းချင်း စကားများရန်ဖြစ်ရာကနေ ဖြစ်ပွားခဲ့တဲ့ ရွာတွေမှာ မီးတွေရှို့၊ လူတွေသတ်ဖြတ်မူနဲ့ ပဋိပက္ခတွေဖြစ်အပြီး တစ်ပတ်ခန့်အကြာမှာတော့ လူဦးရေ ၃၀လောက် အဖမ်းဆီးခံခဲ့ရကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့မှာ လင်းသီနဲ့ ပေါက်တောရွာက လူ ၁၁ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ သံတွဲမြို့က သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က ဆိုပါတယ်။

“ပေါက်တောမှာ၊ လင်းသီ ပေါက်တောပေါ့နော၊ အဲဒီမှာ စခန်းမှူးဦးဆောင်တဲ့အဖွဲ့ကတဲ့ ဘာအကြောင်းမှန်းမသိဘဲနဲ့ လိုက်လံ ဖမ်းဆီးနေတာ အခု ယောက်ျား ၁၁ ယောက်ရှိသွားပြီတဲ့၊ လင်းသီရွာနဲ့ ပေါက်တောရွာမှာနေကြတဲ့ အကြမ်းဖက်ခံထားရတဲ့၊ အိမ်တွေမီးရှို့ခံ ဖျက်ဆီးခံထားရတဲ့ လူငယ်လေးတွေပါ။ ဘာအကြောင်းဆိုတာ ကျနော်တို့ မသိဘူးတဲ့။ အခုလည်း ရွာကလူတွေ က သူတို့ဖမ်းမှာကြောက်လို့ ပုန်းနေရတယ်ဆိုပြီးတော့ ကျနော့်ဆီ ဖုန်းဆက်လာပါတယ်ခင်ဗျာ။ အခုဟာတော့ အကြမ်းဖက်ခံ ထားရတဲ့ အစ္စလာမ်တွေကိုဖမ်းတာက ၁၁ ယောက်ရှိပါတယ်၊ အားလုံးဆိုရင်တော့ ၃၀ လောက်ရှိမှာပေါ့။”

စက်တင်ဘာလ ၄ရက်နေ့ ညပိုင်းမှာလည်း မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဗောဓိကုန်း အမှတ် ၅ နဲ့ အမှတ် ၆ ရပ်ကွက်တွေဘက်မှာ သေနတ် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အသံတွေကို ကြားရတယ်လို့ ဆိုပါတယ်။

လင်းသီရွာဘက်မှာတော့ အဖမ်းအဆီးတွေ လုပ်နေတဲ့အကြောင်း၊ မီးရှို့ဖျက်ဆီးခံရလို့ တိမ်းရှောင်နေသူတစ်ဦးကို လာရောက် ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

“ကျမအိမ်ဘေးနားက ကျမမောင်လေးဆိုရင်၊ မောင်မောင်လေးဟာ ပေါက်တောမှာနေတာပါ၊ သူ့အိမ်ဟာ မီးလောင်တဲ့ထဲ ပါသွား ပါတယ်၊ မီးလောင်တော့ သူက ပေါက်တောကနေပြီးတော့ ထွက်ပြေးသွားပြီးတော့မှ လင်းသီရွာကို ဆင်းလာတာပါ။ သူက ကျမ တို့အိမ်မှာ နေတာကနေပြီးတော့ သူ့ကို ခနလိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားပါတယ်။ နောက်ပြီးတော့ တစ်ယောက် နှစ်ယောက် လောက်တော့ အခုပါသွားပါပြီ။”

သံတွဲမြို့မှာ အာဏာပိုင်တွေက အဖမ်းအဆီးတွေလုပ်နေပေမဲ့ ဘာအတွက်ဖမ်းဆီးတယ်ဆိုတာကို အသိပေးခြင်းမရှိတာကြောင့် ဘာကြောင့် အဖမ်းဆီးခံနေရသလည်းဆိုတာကို မိသားစုဝင်တွေအနေနဲ့ သိလိုနေကြတာပါ။

သံတွဲမြို့ရဲစခန်းကို အဖမ်းဆီး လူဦး ရေနဲ့ပတ်သက်လို့ အတည်ပြုပြောကြားပေးဖို့ မေးမြန်းတဲ့အခါမှာတော့ - “အဲဒါတွေ မသိပါဘူးခင်ဗျာ၊ ကျနော်တို့ ဘာမှ ဖြေလို့ မရသေးပါဘူး၊ ကျနော် တို့ ဒီမှာ အလုပ်တွေများပါတယ်ဗျာ။”

သံတွဲမြို့မှာ ပြီးခဲ့တဲ့ဇွန်လလောက်ကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်က စပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လောက်အထိ ဆိုးဝါးတာမျိုးတွေ ထပ်မဖြစ်ခဲ့ပေမဲ့ မီးရှို့မှုတွေကတော့ မကြာခနဖြစ်ပွားခဲ့တာပါ။ သံတွဲမြို့က ဖြစ်ရပ်တွေအတွင်း လုံခြုံရေးအားနည်းမှု ရှိတယ်ဆိုတာကို အာဏာပိုင်တွေဘက်ကတော့ ဝန်ခံထားတာရှိပါတယ်။

လက်ရှိ သံတွဲမြို့နဲ့ နယ်အစွန်အဖျားနေရာတွေဘက်မှာတော့ မနက် ၆ နာရီကနေ ည ၆ နာရီအထိ ညမထွက်ရအမိန့်နဲ့ လုံခြုံရေး
တွေ တင်းကျပ်စွာချထားပေမဲ့ စိုးရိမ်ပူပန်မူတွေ ရှိနေဆဲပဲလို့ဆိုပါတယ်။
XS
SM
MD
LG