သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ပြည်သွားမည်


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမယ့်သီတင်းပတ် အင်္ဂါနေ့ကနေ ၄ ရက်ကြာ ခရီးစဉ်နဲ့ တရုတ်နိုင်ငံကို သွားမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်းယုက ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

၂ နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ဖို့၊ တခါ ဒေသတွင်းနဲ့ နိုင်ငံတကာက ၂ နိုင်ငံ ဘုံအကျိုးစီးပွားတွေကို သမ္မတ ဟူဂျင်တောင် (Hu Jintao)၊ ဝန်ကြီးချုပ် ဝမ်ဂျားဘောင် (Wen Jiabao) တို့နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံပြီး ဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း မြန်မာပြည်သူတွေရဲ့ အကျိုးအတွက်တင် မဟုတ်ဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောဖို့ အတွက်လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်း တည်ငြိမ် တိုးတက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မယ်လို့ တရုတ်အစိုးရက မျှော်လင့်ကြောင်းကို တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကျန်းယုက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘေဂျင်းမြို့တော်အပြင် ရှန်ဇန်းမြို့ကို သွားရောက်မှာ ဖြစ်သလို ရှန်ဟိုင်းမြို့မှာ ပြုလုပ်နေတဲ့ ရှန်ဟိုင်း Expo ကုန်စည်ပြပွဲကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ရှန်ဟိုင်း ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကလည်း နန်းမြို့ရိုးနဲ့ မုခ်ဦးပုံစံ ပြခန်းတခု ဖွင့်လှစ် ပြသထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် ထိပ်ပိုင်းတာဝန် နေရာတွေ အပြောင်းအလဲ ရှိခဲ့ပြီးနောက်မှာ အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံကို သွားရောက်မယ်ဆိုတဲ့ သတင်း ပေါ်ထွက်လာခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အလယ်မှာ တရုတ်နိုင်ငံက အကာအကွယ် ပေးနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ တရုတ်အစိုးရက နောက်ကွယ်ကနေ တိုးတိုးတိတ်တိတ် နားချနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတဲ့အတွက် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာစစ်ခေါင်းဆောင် တရုတ်နိုင်ငံ သွားရောက်မယ့်အပေါ် မြန်မာ့အရေး လေ့လာသူတွေက စိတ်ဝင်စားနေကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်နိုင်ငံကို အရင်က အနည်းဆုံး ၂ ကြိမ် သွားခဲ့ဖူးပါတယ်။

XS
SM
MD
LG