သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ အကြီးအကဲ အိန္ဒိယ ခရီးစဉ်အစ ဗုဒ္ဓဂယာ ရောက်ရှိ


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်တွင်းမှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တွေကို အမြန် အကောင်အထည် ဖော်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို အိန္ဒိယ ခေါင်းဆောင်တွေ အနေနဲ့ အထူးအလေးထား ဖိအားပေးဖို့အတွက် အိန္ဒိယ ပါလီမန်အမတ် တချို့က ဝန်ကြီးချုပ်ထံကို စာရေး တောင်းဆိုကြပါတယ်။ ၅ ရက်ကြာ ခရီးစဉ်တွင်း ၂ နိုင်ငံကြား စီးပွားရေးကိစ္စ တွေကိုသာ ဦးစားပေး ဆွေးနွေးကြလိမ့်မယ်လို့ သုံးသပ်ကြသလို အိန္ဒိယရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ကန့်ကွက် ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ ပြောင်းလဲရေးတွေကို လျစ်လျူရှုနေတဲ့၊ လူ့အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေတဲ့ စစ်အစိုးရရဲ့ အိန္ဒိယ ခရီးစဉ်ကို ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကတော့ အိန္ဒိယနိုင်ငံကို ခရီးထွက်သွားပါပြီ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ ဒီကနေ့ ဗုဒ္ဓဂါယာကို မနက်ပိုင်းမှာ ရောက်လာတယ်လို့ အိန္ဒိယနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြထားပြီး မနက်ဖြန်ထိ ဗုဒ္ဓဂယာမှာနေပြီး နယူးဒေလီဘက် ခရီးဆက်ကာ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အိန္ဒိယ သမ္မတ ပရာတီဘာ ပါတေးလ် (Pratibha Patil) ရဲ့ ဖိတ်ကြားချက်အရ ၅ ရက်ကြာနေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်အတွင်းမှာ လက်ရှိ လူ့အခွင့်အရေးနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာပေါ် ဖိအားပေး ပြောဆိုဖို့ IPFDB ခေါ် အိန္ဒိယ ပါလီမန်များရဲ့ မြန်မာ့ဒီမိုကရေစီရေးရာ အဖွဲ့က ပါလီမန်အမတ် တချို့က ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းဂ် (Manmohan Singh) ထံကို စာရေး တောင်းဆိုထားတယ်လို့ Smajwadi ပါတီက အမတ် ဘီဘီ တီဝါရီ (BB. Tiwari) က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ အများလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတင်း အတည်ပြု လုပ်ဖို့ ကြိုးစားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စတွေကိုပါ ဝန်ကြီးချုပ် အနေနဲ့ ဖိအားပေး ပြောဆိုဖို့ အဓိက စာပို့ထားတာပါ။ ၂ နိုင်ငံ စီးပွားရေး ကိစ္စတွေကိုသာ ဦးစားပေးအဆင့်မှာ ဆွေးနွေးဖို့ တွေ့နေရပြီး နိုင်ငံရေး အကြောင်းအရာ တချို့ကို ပြောဆိုလိမ့်မယ်လို့ ထင်ရပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ အခုလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရှိတဲ့ နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင် သူတို့ဆီကိုလာတဲ့ ခရီးမှာ အထူးအလေးပေး ပြောဆိုသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။”

Smajwadi ပါတီက အမတ် ဘီဘီ တီဝါရီ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဂါယာကို ရောက်ပြီး အဲဒီမှာရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အဖွဲ့ သွားရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။ လမ်းတလျှောက် လုံခြုံရေး အထူးချထားတာ မတွေ့ရပေမဲ့ လမ်းတလျှောက်မှာတော့ ဗိုလ်ချုပ်မှူးကြီးကို ကန့်ကွက်တဲ့ ပိုစတာတွေ ကပ်ထားတာမျိုး တွေ့ရတယ်လု့ိ အိန္ဒိယမှာနေပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ကိုငွေတိုးက ပြောပြပါတယ်။

“ဒီလောက်ကြီး လုံခြုံရေးက တင်းတင်းကျပ်ကျပ် ထူးပြီး ချထားတာမျိုး မတွေ့ရဘူး။ ဗုဒ္ဓဂါယာကို ရောက်ပြီလို့တော့ ပြောလို့ရပါတယ်။ ဒီနေ့တရက် နေဦးမယ်လို့တော့ ကြားတယ်။ ဆန္ဒပြ ကန့်ကွက်တာလည်း မရှိပါဘူး။ ပိုစတာ ကမ်ပိန်းတခု လုပ်ထားတာပဲ ရှိပါတယ်။ ဒါတွေကလည်း ချက်ချင်း ရှေ့ကကပ်၊ နောက်ကခွာ ဆိုတာမျိုးပေါ့၊ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးတော့ မလုပ်ဖြစ်ပါဘူး။ Photo Document လောက်ပဲ ရတာပေါ့။”

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ကိုငွေတိုး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာမယ်ဆိုကတည်းက မြန်မာ့အရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး အားပေး ထောက်ခံသူတွေက နယူးဒေလီဘက်မှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ပြုလုပ်နေကြပါတယ်။

အရင်က အိန္ဒိယနိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေး ထောက်ခံ ပြောဆိုနေပေမဲ့ နောက်ပိုင်းမှာတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကိုသာ အလေးပေးလာတာ တွေ့ရတယ်လို့ အိန္ဒိယနိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူ ကိုကင်မ်က သုံးသပ်ပါတယ်။

“အဓိက ပြောမယ်ဆိုရင် အိန္ဒိယနိုင်ငံက ဒီဒေသမှာ Power Balance ထိန်းချုပ်ဖို့အတွက် သူက ကြိုးစားနေတယ်။ သူတို့တွက်တာတော့ တရုတ်က မြန်မာပြည်မှာ တော်တော်များများ လွှမ်းမိုးထားတယ်။ အဲဒါကြောင့် သူတို့က တန်ပြန်ပြီး လုပ်ရမယ်လို့ ပေါ်လစီရှိတယ်။ ရှိတဲ့အတိုင်းပဲ အဓိက သူတို့ အရေးတကြီး ဆောင်ရွက်နေတာ ကုလားတန် ပရောဂျက် ဖြစ်ပါတယ်။ အဲဒီပရောဂျက် အကောင်အထည်ဖော်ရင် မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းကို အိန္ဒိယအနေနဲ့ စီးပွားရေးအရ တစုံတခု လွှမ်းမိုးနိုင်မယ်လို့ ထင်ပါတယ်။ စီးပွားရေးအရပေါ့၊ ဒီဘက် ဘင်္ဂလားဒေ့ရှ်နဲ့ နီးတယ်ဆိုတော့။ အဲဒါကြောင့် လွှမ်းမိုးနိုင်မယ်လို့ သူတို့ ယုံကြည် ယူဆပြီးတော့ နအဖကို တိုက်တွန်းနေတာ ကြာပါပြီ။”

အိန္ဒိယ အစိုးရဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ခဲ့ပြီး တပတ်အတွင်းမှာကိုပဲ မြန်မာစစ်အစိုးရနဲ့ ရေနံတွင်းကိစ္စ သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သလို သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းတွေလည်း တိုးမြှင့်ခဲ့ပြီး တယ်လီဖုန်း ဆက်သွယ်ရေး ကိစ္စကိုလည်း အိန္ဒိယ အစိုးရဘက်က အကူအညီ ပေးနေတာတွေလည်း ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်ဟာ ဒါ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က တခါ လာရောက်ခဲ့ဖူးပါတယ်။ သူ့ရဲ့ခရီးစဉ်တွင်းမှာ မိသားစုဝင်တွေနဲ့အတူ အရေးကြီးတဲ့ စစ်အစိုးရ ခေါင်းဆောင်တွေလည်း ပါဝင်သလို မြန်မာ့စီးပွားရေး လောကထဲက အရေးပါတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး တချို့လည်း အတူလိုက်ပါလာကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG