သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ်- မန်ယူအသင်းကို မြန်မာစစ်ခေါင်းဆောင် ဝယ်ယူဖို့ စဉ်းစားမှုအပေါ် အားကစားလောက အမြင်


ဝီကီလိခ်- မန်ယူအသင်းကို မြန်မာစစ်ခေါင်းဆောင် ဝယ်ယူဖို့ စဉ်းစားမှုအပေါ် အားကစားလောက အမြင်
ဝီကီလိခ်- မန်ယူအသင်းကို မြန်မာစစ်ခေါင်းဆောင် ဝယ်ယူဖို့ စဉ်းစားမှုအပေါ် အားကစားလောက အမြင်

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံက မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့ သတင်းတွေ လှိုင်နေတဲ့ အချိန်မှာ မြန်မာဘောလုံးလောကရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ၊ အပြည့်အစုံကို ဦးတင်မောင်သန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ စဉ်းစားခဲ့ရာက မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဘောလုံးကလပ်အသင်းတွေနဲ့ ဘောလုံးလောကကို မြှင့်တင်ဖို့ ဖြစ်လာခဲ့ပေမဲ့ မြန်မာဘောလုံးအသင်းဟာ လူထုကြားမှာရော၊ နိုင်ငံတကာမှာပါ မျက်နှာပန်းမလှ ဖြစ်နေဆဲပါ။

လက်ရှိ ကျင်းပနေတဲ့ AFF ဆူဇူကီးဖလား အုပ်စုပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဒီဇင်ဘာလ ၂ ရက်နေ့က ဗီယက်နမ်ကို ၇ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပြီး ၅ ရက်နေ့ကတော့ စင်ကာပူနိုင်ငံကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

အခုလို အရှုံးကြီး ရှုံးနေတဲ့ အချိန်မှာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗြိတိန်နိုင်ငံ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲက နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒေါ်လာ သန်းပေါင်း ၁,၀၀၀ နဲ့ ဝယ်ယူဖို့ စဉ်းစားခဲ့တယ်လို့ ဝီကီလိခ်ကနေ ထွက်ပေါ်လာတဲ့ အမေရိကန်သံရုံး ကြေးနန်းစာတွေကို ကိုးကားပြီး ဂါးဒီးယန်း သတင်းစာကြီးက ဆိုပါတယ်။ ဘောလုံးဝါသနာရှင် မြေးဖြစ်သူရဲ့ တိုက်တွန်းချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စဉ်းစားခဲ့တာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ အားကစား ကလောင်ရှင် တယောက်ကတော့ အခုလို ဝယ်ယူဖို့ ကြိုးစားတာ အများကြီး ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

“ဟုတ်ကဲ့၊ ငွေကြေးခဝါချဖို့ အကောင်းဆုံး အခြေအနေပဲလို့ အဲဒီလိုပဲ သုံးသပ်ကြတာပေါ့။ ကျနော်တို့နဲ့ သိသလောက်၊ ပြောမိသလောက်၊ ဆိုမိသလောက်ကတော့ ဒီလောက်ကတော့ အေးဆေး ဝယ်နိုင်ပါတယ်ဆိုတဲ့ သဘောမျိုးပေါ့။”

ဒါပေမဲ့ တက်လမ်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကတော့ ဒီသတင်းအပေါ် သံသယ ရှိပါတယ်။

“ဒီသတင်းက ဒီမှာတော့ သိပ်ပြီး လှုပ်လှုပ်ရှားရှား မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ မြန်မာ နေရှင်နယ်လိဂ် စပြီး ဖွဲ့စည်းစဉ် ကာလတုန်းကတော့ ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးနဲ့က အရမ်းကို ရင်းနှီး ပတ်သက်တယ်။ နောက် အဲဒီမြေးကလည်း တော်တော်လေးကို ဘောလုံးကို စိတ်ဝင်စားတယ်။ ဘောလုံးပွဲတွေ လာလာကြည့်တယ်။ သူက ဒီအပေါ်မှာ စိတ်ဝင်စားမှု ရှိရာကနေ ပုံကြီးချဲ့ပြီးတော့ ပြောကြတာလို့ ကျနော် ထင်တာပဲ။ မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီး တသင်းကို ဝယ်ဖို့အထိတော့ ကျနော် မထင်ဘူး။”

၂၀၀၉ ခုနှစ် ဇန်နဝါရီလ မတိုင်မီမှာ စဉ်းစားခဲ့တာ ဖြစ်ပေမဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းမှာ လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံးခဲ့တာကြောင့် ဒီအကြံကို စွန့်လွှတ်ပြီး ပုဂ္ဂလိက ဘောလုံးအသင်းတွေ ထူထောင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်သင့်ရာ လုပ်ငန်းရှင်ကြီး ၈ ယောက်ကို ခိုင်းစေခဲ့တယ်လို့ ပေါက်ရောက်သူ တယောက်က ကြေးနန်းစာတွေမှာ ပြောတဲ့အကြောင်း တင်ပြထားပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဘောလုံးနဲ့ အာရုံလွှဲဖို့ ကြိုးစားတာ ဖြစ်တယ်လို့လည်း ကြေးနန်းစာ သတင်းတွေမှာ ရေးပါတယ်။ ဒီအချက်ဟာ ကိုချစ်ဝင်းမောင် နားလည်ထားချက်နဲ့ ကွဲလွဲနေပါတယ်။

“မြန်မာဘောလုံးအသင်းက အခု ဒီနှစ်လည်း မအောင်မြင်ပါဘူး။ အရင်နှစ်တွေတုန်းကလည်း အောင်မြင်မှု မရခဲ့ဘူး။ မရခဲ့တဲ့ အခါကြတော့ ကဲ ဟုတ်ပြီ၊ မြန်မာဘောလုံးအသင်းကို ဘယ်လိုပြုပြင် ပြောင်းလဲကြမလဲ ဆိုတဲ့အခါကြတော့ အရင်တုန်းက ဝန်ကြီးဌာနတွေနဲ့ အပျော်တမ်း သွားရာကနေ Professional ပေါ့၊ ကမ္ဘာမှာလည်း Professional သွားနေတယ်၊ မြန်မာပြည်မှာလည်း Professional ကို ကူးပြောင်းမှဖြစ်မယ် ဆိုပြီးတော့ လက်ရှိ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကနေပြီးတော့ လူကြီးပိုင်းကို တင်ပြတယ်။

“Professional လုပ်မယ်ဆိုရင်တော့ မင်းတို့ တင်ပြတဲ့ အစီအစဉ်အတိုင်း လုပ်ကြဟေ့ ဆိုပြီးတော့၊ အမှန်တော့ အပေါ်ဆုံးကနေ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး ၈ ဦးကို အသင်း ၈ သင်း ထောင်ပါ ဆိုပြီးတော့ အော်ဒါ ပေးလိုက်တယ်။”

ဒါပေမဲ့ ဘောလုံးကလပ်အသင်းတွေကို လုပ်ငန်းရှင်ကြီးတွေက အရှုံးခံလုပ်နေရတယ် ဆိုတာကိုတော့ ကိုချစ်ဝင်းမောင်က သဘောတူပါတယ်။

“ဝီကီလိခ်ထဲမှာ ထွက်လာတဲ့ သတင်းအတိုင်း အဲဒီအချက်ကတော့ မှန်ပါတယ်။ ဘာမှန်လဲဆိုတော့ အမှန်တော့ ဘာမှ အကျိုးအမြတ် မရှိဘူး။ ဘောလုံးသမားဝယ်တာ၊ နိုင်ငံခြားငွေ သုံးရတာ၊ အသင်းတသင်းရဲ့ ကုန်ကျစရိတ်က ဒေါ်လာ သန်းနဲ့ချီပြီး ရှိတယ်။ သို့သော်လည်း သူတို့တွေက အခြားသော နေရာကနေ၊ ဥပမာ ကန်ထရိုက်စာချုပ်တွေ ရမယ်၊ အခြား ပါမစ်တွေရမယ်။ အဲဒီလိုပေါ့၊ တကယ့် Incentive တွေ အများကြီးရတယ်။ ဒီဝင်ငွေတွေနဲ့ ကာဗာဖြစ်အောင် အသင်းတွေကို ရပ်တည်တယ်လို့ ကျနော်တော့ ထင်ပါတယ်။”

အားကစား ကလောင်ရှင် တဦးကလည်း အခုလို မြင်ပါတယ်။

“လုပ်ငန်းရှင်တွေကတော့ ထောင်မြင် ရာစွန့်လို့ ကျနော် ထင်ပါတယ်။ ဘောလုံးအသင်းတွေအတွက် ကုန်ကျငွေက ရာဂဏန်းဆိုရင် ပြန်ရလာနိုင်တဲ့ အခွင့်အရေးတွေက ထောင်ဂဏန်းလောက်ရှိလို့ နေမှာပေါ့။”

ကလပ်အသင်းတွေကို ငွေကုန်ကြေးကျခံ လုပ်နေပေမဲ့ မြန်မာ့လက်ရွေးစဉ် အသင်းရဲ့ အခြေအနေကတော့ အားရစရာ မရှိတာကိုလည်း အခုလို ဆက်ပြောပါတယ်။

“အဲဒါတော့ အခု မြင်တဲ့အတိုင်းပဲလေ။ မြင်တဲ့အတိုင်းပဲဆိုတာ အခု ဗီယက်နမ်ကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးတယ်လေ။ စင်ကာပူကို ထပ်ရှုံးတယ်လေ။ မြန်မာဘောလုံး အပြောင်းအလဲဆိုတာ တိုးတက်လား၊ မတိုးတက်လား ဆိုတာကတော့၊ MNL ကလပ်အသင်းတွေကသာ ကိုရီးယားသွားလိုက်၊ ထိုင်းသွားလိုက် ခြေစမ်းနေတာ၊ ပိုက်ဆံတွေ အကုန်ခံပြီးတော့။ မြန်မာ့လက်ရွေးစင် အသင်းကတော့ ရှိမှမရှိဘဲ။ ခေါ်တာတောင်မှ ပြည်ပ မဟုတ်က ဟုတ်က အသင်းတွေ လျှောက်ခေါ် ကန်နေတဲ့ အဆင့်ပဲ ရှိသေးတယ်။ လက်ရွေးစင်အသင်းအတွက် ငွေမသုံးဘူး။”

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးဖြစ်သူက မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ စဉ်းစားခဲ့တဲ့ သတင်းကို နိုင်ငံတကာက စိတ်ဝင်စားနေကြပေမဲ့ မြန်မာ့ အားကစား ကလောင်ရှင်တွေကတော့ မြန်မာ့လက်ရွေးစဉ် ဘောလုံးအသင်း ထူထူထောင်ထောင် ဖြစ်လာရေးကိုပဲ စိတ်အားထက်သန်နေကြပါတယ်။

XS
SM
MD
LG