သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ အကြီးအကဲ ရာထူးက အနားယူ


စစ်အစိုးရ အကြီးအကဲ ရာထူးက အနားယူ
စစ်အစိုးရ အကြီးအကဲ ရာထူးက အနားယူ

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်အကြီးအကဲ တာဝန်က အနားယူသွားပြီလို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ အစိုးရသစ်ကို ပြီးခဲ့တဲ့လကုန်က အာဏာ လွှဲပြောင်းလိုက်တဲ့နောက် အခုလို ရာထူးက ထွက်လိုက်တယ် ဆိုပေမဲ့လည်း ဒါဟာ အာဏာကို စွန့်လွှတ်ဖို့ ရည်ရွယ်ထားတာလို့တော့ အကဲခတ်တွေက မယူဆကြပါဘူး။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြီးဆုံးတာဝန်ဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် နေရာက အနားယူသွားခဲ့ပါပြီ။ ၁၉၉၂ ခုနှစ်ကတည်းက ဒီတာဝန်ကို သူယူခဲ့တာမို့ နှစ်ပေါင်း ၂၀ နီးပါး ဒီတာဝန်ကို ယူခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုပါတဲ့ အရပ်သား အစိုးရကို အာဏာလွှဲအပြီးမှာ အခုလို အနားယူလိုက်တာ ဖြစ်ပါတယ်။

အခုလို အနားယူပြီးမှ ကာကွယ်ရေး ဦးစီးချုပ် အသစ်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက် အသက် ၂၀ ကျော်ငယ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်လိုက်ပါပြီ။ အလားတူ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း အနားယူသွားပြီး သူ့နေရာကို ဗိုလ်ချုပ်စိုးဝင်းကို အသစ် ခန့်အပ်လိုက်ပါပြီ။ အခုလို စစ်တပ်ထိပ်ပိုင်းက ဗိုလ်ချုပ်မှူးကြီးနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး ၂ ဦးစလုံး အနားယူသွားတာ ဘာကြောင့် အခုချိန်မှာ ဖြစ်ရပါလဲ ဆိုတာကို ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အင်အားစု အဖွဲ့က သုတေသနမှူး ဦးဌေးအောင်ကို မေးမြန်းကြည့်ရာမှာ အသက်အရွယ် ကြီးရင့်လာပြီး ကျန်းမာရေး အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“တကယ် တပ်မတော်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေကိုသာ တိတိကျကျ လိုက်နာမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ စွန့်လွှတ်ပြီး အနားယူသင့်တာ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်မှာ တကယ် ပြဋ္ဌာန်းထားတာက အသက် ၆၀ ပြည့်ရင် တပ်မတော်ကနေ နှုတ်ထွက် အနားယူရမယ် ဆိုတာမျိုး ပြဋ္ဌာန်းထားတာ ရှိတယ်။ တခြား ကာကွယ်ရေး ဦးစီးချုပ် အဆင့်ဆင့်ပေါ့၊ စစ်အာဏာရှင်ဟောင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းတောင်မှ အသက် ၆၀ ပြည့်တဲ့ အချိန်တုန်းက စစ်တပ်ကနေ အနားယူခဲ့တာ ရှိတယ်။

“ဒါပေမဲ့ သူကတော့ အခုအချိန်မှာ စစ်အာဏာသိမ်းတဲ့ ခေါင်းဆောင်ပီပီ အကြောင်းအမျိုးမျိုး ပြပြီးတော့၊ သူက အခုဆိုရင် အသက် ၇၈ နှစ်တောင် ဖြစ်နေပြီ။ အဲတော့ တွက်ကြည့်မယ်ဆိုရင် ၁၈ နှစ်လောက် အနားယူသင့်နေပြီပေါ့။ အနားယူရမယ့် ကာလထက် အများကြီး ကျော်လွန်နေတာကြောင့် အနားယူလိုက်တယ်လို့ပဲ ကျနော် ထင်ပါတယ်။”

အခုလို အနားယူပြီးတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့၊ အခုတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလို့ ခေါ်ကြမှာပေါ့၊ ဘာဆက်လုပ်မယ် ထင်လဲဆရာ။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အများအမြင်မှာတော့ သူက နောက်မှာ အေးအေးဆေးဆေး သာမန် အရပ်သား ဘဝနဲ့ပဲ နေမယ်လို့ ယူဆနိုင်ပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ သူဟာ အာဏာကို တကယ်စွန့်လွှတ်ရဲမယ့် အနေအထား မရှိသေးဘူးလို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အရင် အာဏာကို စွန့်လွှတ်သွားခဲ့ရတဲ့ စစ်အာဏာရှင်ဟောင်းကြီး ဗိုလ်ချုပ်ကြီး နေဝင်းတုန်းကလည်း နောက်ဆုံး ဇာတ်သိမ်း မကောင်းခဲ့ဘူး ဆိုတာကို သူကိုယ်တိုင် သိခဲ့ မြင်ခဲ့တာတွေရှိတယ်။

“သူ့အနေနဲ့ကတော့ ဒီအသက်အရွယ်အရ တပ်မတော်ကို နုပျိုနေအောင် လုပ်မယ်ဆိုတဲ့ သူ့ရဲ့ ပြောစကားနဲ့အညီ သူ တပ်မတော်က အနားယူပြတယ် ဆိုပေမဲ့ နောက်ကွယ်မှာတော့ တနည်းနည်းနဲ့ တပ်မတော်ကို ဆက်ကိုင်တွယ်ထားနိုင်တဲ့ နေရာမှာ ရှိနေဦးမယ်လို့ ကျနော်ထင်ပါတယ်။ တကယ် တပ်ကို ကိုင်ထားနိုင်မှသာလျှင် အာဏာဟာ သူ့လက်ထဲမှာ ရှိမယ်ဆိုတာကို သိတဲ့အတွက်ကြောင့် တပ်ကိုတော့ တနည်းနည်းနဲ့ ဆက်ပြီးတော့ ကိုင်ထားနိုင်ဖို့ ကြိုးစားမှာကတော့ သေချာတယ်လို့ ကျနော် ယူဆပါတယ်။”

အဲတော့ ဘယ်လိုနေရာမျိုးကနေ ဘယ်လိုပုံစံမျိုးနဲ့ ကိုင်တွယ်မယ်လို့ ဆရာယူဆလဲ။

“အဲဒါကိုတော့ ဗမာ့တပ်မတော်မှာ ပြောရတာ ခက်တယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် နေရာမရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ စစ်တပ်ထဲမှာ၊ သူတို့ အတွင်းစည်းမှာ ဗိုလ်ချုပ်တွေ အချင်းချင်း နားလည်မှုတွေအရ သူ့အနေနဲ့က ကြံ့ဖွံ့အဖွဲ့မှာပဲဖြစ်ဖြစ် နာယကကြီး အနေနဲ့လည်း ဆက်နေနိုင်တယ်။ အလားတူ စစ်တပ်ရဲ့ နောက်ကွယ်မှာ စစ်ကော်မရှင်လိုဟာမျိုး ဖွဲ့စည်းပြီးတော့လည်း နောက်ကွယ်က ကြိုးကိုင်ထားနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ထင်ပါတယ်။”

မကြာသေးခင်က အားလုံး စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ တခုပါတာက စစ်တပ်က အနားယူပြီးရင် ၅ နှစ်အတွင်းမှာ လိုအပ်ရင် စစ်တပ်က ပြန်ပြီး ခေါ်နိုင်တယ်၊ ဆိုလိုတာကတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တကယ်လို့သာ စစ်တပ်ထဲ ပြန်လာချင်ရင်လည်း ပြန်လာလို့ရအောင် လုပ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးပေါ့၊ အဲဒါကို သုံးပြီးတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ပြန်ဝင်လာနိုင်ဖို့ အလားအလာရော ရှိနိုင်လား။

“ကျနော်တို့လည်း အဲဒါကို သံသယ ရှိပါတယ်။ အဲဒါတွေကလည်း အခုလက်ရှိ တပ်မတော်က အနားယူသွားပြီဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး ၂ ယောက်အတွက် နောက်ကွယ်မှာ စစ်ရာထူး အဆင့်အတန်းတွေနဲ့ ဆက်ပြီးတော့ ရပ်တည်နေနိုင်အောင် တမင် သူတို့ ကပ်ပြီး ဖန်တီးထားတယ်လို့ပဲ ကျနော် ထင်ပါတယ်။”

နောက်တခုက ဘယ်အကြောင်းအရာတွေမှာ ဗိုလ်ချုပ်မှူးကြီးက အဓိက နောက်က ကြိုးကိုင်သွားမယ် ထင်လဲဆရာ။

“အခုလက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရကလည်း အာဏာခွဲဝေမှု အပိုင်းတွေမှာ ရှုပ်ထွေးနေတာတွေ၊ အတွင်းမှာ အချင်းချင်း အားပြိုင်နိုင်တဲ့ အနေအထားတွေ ရှိနေသေးတယ်။ အဲတော့ အဲဒါတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ စိုးရိမ်စိတ် ရှိနေတဲ့ အနေအထားတွေ ကျနော်တို့ တွေ့ရတာ ရှိပါတယ်။ အဲဒီတော့ အဲဒီအနေအထားတွေကို သူ့အနေနဲ့ တည်ငြိမ်သွားအောင် အရပ်ဝတ် အစိုးရ ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ အုပ်ချုပ်နိုင်တဲ့ အနေအထားအထိ သူကတော့ နောက်ကွယ်ကနေ စစ်တပ်ကို ချုပ်ကိုင်ရင်းနဲ့ စောင့်ကြည့်နေမယ့် အနေအထားမျိုး ရှိမယ်လို့ ထင်ပါတယ်။”

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အင်အားစု အဖွဲ့က သုတေသနမှူး ဦးဌေးအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG