သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲအခြေအနေ တည်ငြိမ်စပြု


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် (ယာ) ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်အတွင်း ရွှေလှေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံစဉ်။( အောက်တိုဘာ ၃ ရက်၊ ၂၀၁၃)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် (ယာ) ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်အတွင်း ရွှေလှေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံစဉ်။( အောက်တိုဘာ ၃ ရက်၊ ၂၀၁၃)
ရခိုင်ပြည်နယ် သံတွဲမြို့မှာ သွေးထွက်သံယို ဆူပူအကြမ်းဖက်မှုတွေ သီတင်း တပတ် နီးပါးကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါ အခြေအနေဟာ ငြိမ်သက်စ ပြုလာပါတယ်။ သံတွဲမြို့နဲ့ အနီးအနားကျေးရွာတွေမှာ စနေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ထိခိုက်သေဆုံးမှုတွေ၊ နေအိမ် အဆောက်အဦးတွေ၊ ဗလီတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။

အခြေအနေတွေ အခုအခါ ပြန်လည် တည်ငြိမ်စပြုလာနေပြီလို့ ဆိုပေမဲ့လည်း ဒေသခံတွေကြားမှာတော့ လုံခြုံရေးအတွက် စိုးရိမ်ပူပမ်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကတော့ လူ ၅ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ ဒေသခံတွေနဲ့ အာဏာပိုင် တချို့ကတော့ အကြမ်းဖက်မှုတွေအတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့တဲ့အကြောင်း ပြောဆိုနေကြတာပါ။ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ဆူပူမှုတွေ ဖြစ်ပွားရာမှာ လုံခြုံရေးတာဝန်ယူမှုတွေ အားနည်းခဲ့တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

အကြမ်းဖက်မှုတွေဟာဆိုရင် သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်မစမီမှာပဲ စတင်ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့်လည်း သာမန် အချေအတင် စကားများရာကစပြီး တိုက်တိုက်ဆိုင်ဆိုင် ကြုံခဲ့ရတဲ့ ဖြစ်ရပ်အတွက် အချိန်ကိုက် လုပ်ဆောင်ခဲ့သလားဆိုပြီး သံသယဖြစ်မိတဲ့အကြောင်း သံတွဲမြို့မှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မူဆလင်ကမန်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတက မှတ်ချက်ပေးခဲ့ပါတယ်။

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံရာက ပြီးခဲ့တဲ့နှစ်ကစလို့ လူရာနဲ့ချီ သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းမှာ လူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှုအောက်မှာ နေထိုင်ကြရတဲ့ အခြေအနေတွေကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး၊ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေဘောင် အတွင်းကနေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အာဏာပိုင်တွေကတော့ ပဋိပက္ခတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ အနည်းဆုံး လူပေါင်း ၁ ဒါဇင်လောက်ကို ဖမ်းဆီးထားပေမဲ့ ဘာအတွက် ဖမ်းဆီးထားသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေ၊ မီးလောင်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာတော့ သံတွဲမြို့နယ်မှာ အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသူတချို့ကိုတော့ ယာယီရွက်ဖျင်တဲတွေနဲ့ နေရာထိုင်ခင်းတချို့ စီစဉ်ပေးထားတဲ့အကြောင်းလည်း ဒေသခံ အာဏာပိုင်တွေက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်ကနေ စလိုက်တဲ့ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံတွင်းက နေရာတချို့ကိုပါ ပျံ့နှံ့ခဲ့ ပြီးတဲ့နောက် နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ စိုးရိမ်မကင်းသံတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ အခုနောက်ဆုံး သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အပေါ်မှာလည်း အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ထိန်းသိမ်းဖို့နဲ့ မသင့်မမြတ် ဖြစ်နေရတဲ့ အခြေခံအကြောင်းရင်းတွေကို ရေရှည်အတွက် နည်းလမ်းရှာ ဖြေရှင်းကြဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်းခဲ့ကြပါတယ်။
XS
SM
MD
LG