သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျေးဇူးတော်နေ့ အမေရိကန်တခွင် ဆင်နွှဲ


အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် နိုဝင်ဘာလ စတုထ္တအပတ်မှာ ကျေးဇူးတော်နေ့ ကို ဆင်နွှဲကြပါတယ်။ ကျေးဇူးတော်နေ့ ကို အားလပ်ရက်အဖြစ်လည်း သတ်မှတ်ထားကြတာကြောင့် မိသားစုတွေ၊ ပေါင်းသင်းမိတ်ဆွေတွေနဲ့ လူမှုအသင်းအဖွဲ့တွေ စုပေါင်းပြီး ညစာစားပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါတယ်။ ဒီနှစ် ကျရောက်တဲ့ ကျေးဇူးတော်နေ့မှာတော့ အမေရိကန် သမ္မတ ဘာရက် အိုဘားမား မိသားစု အပါအဝင် အမေရိကန်ရောက် မြန်မာတွေ ဘယ်လိုကျင်းပကြသလဲဆိုကို ရှားဖောင်က စုစည်းတင်ပြထားပါတယ်။

နှစ်စဉ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ ရောက်တိုင်း သန်းနဲ့ချီတဲ့အမေရိကန် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက ကျေးဇူးတော်နေ့ကို ချီးမွန်းတဲ့ပွဲတော်တွေ ကျင်းပ ပြုလုပ်ကြပါတယ်။

ကျေးဇူးတော်နေ့ ကျရောက်တဲ့အခါတိုင်းလည်း အမေရိကန် သမ္မတ က ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ အိမ်ဖြူတော်မှာ မိန့်ခွန်းပြောကြားပြီး ကြက်ဆင် တကောင်ကိုလည်း ဘေးမဲ့လွတ်ပေးလေ့ရှိပါတယ်။ ဒီနှစ် ကျရောက်တဲ့ ကျေးဇူးတော်နေ့မှာတော့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အဖြူရောင် ကြက်ဆင်တကောင်ကို ဘေးမဲ့လွတ်ပေးခဲ့သလို အမေရိကန်တွေ ကျေးဇူးတော်နေ့ဆင်နွှဲရတဲ့ အနှစ်သာရကို အခုလို ပြောပါတယ်။

“ကျေးဇူးတော်နေ့ဟာ ကျနော်တို့ရဲ့ စည်းလုံးမှုခွန်အား ဘယ်လောက် ကြီးမားသလဲဆိုလဲ ပြန်သတိယစေပါတယ်။ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ပေမဲ့ တစည်းတလုံးတည်း ရပ်တည်တယ်။ ဘယ်လူမျိုး၊ ဘယ်ကိုးကွယ်တဲ့ဘာသာတမျိုးထဲကမှ စိုးမိုးထားတာမဟုတ်ပဲ လူတိုင်းဟာမွေးရာပါ အခွင့်အရေးရှိတယ်ဆိုတာကို လက်ခံထားတာဖြစ်ပါတယ်။ မတူကွဲပြားတာတွေကိုလက်ခံပြီး လူ့အဖွဲ့အစည်းကို ကြိုးစားတည်ဆောက်ရတာဟာ မလွယ်ကူပါဘူး။ ဒါပေမယ့် အရေးကြီးတာကတော့ ကြိုးစားရမယ်ဆိုတာကို သဘောပေါက်ဖို့ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံသားတွေဟာ တဦးအပေါ်တဦး စေတနာ မေတ္တာထားကြသလို စောင့်လည်း စောင့်ရှောက်ကြပါတယ်။”

အခုလို ကျေးဇူးတော်နေ့ကို ကျင်းပကြတဲ့အထဲမှာ အမေရိကန်မှာရောက် မြန်မာတွေလည်း ပါဝင်ပါတယ်။ နယူးယောက်ပြည်နယ် Buffalo မြို့နေထိုင်တဲ့ ကချင်တိုင်းရင်းသား ဆရာ နော်မိုင်မရမ်ကတော့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ကျေးဇူးတော်နေ့ဟာ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာကောက်သစ်စားပွဲနဲ့ ဆင်တူတဲ့အတွက် Buffalo မြို့မှာ နေထိုင်ကြတဲ့ ကချင်လူမှုအသိုင်းအဝိုင်းတွေက စုပေါင်းပြီး ကျေးဇူးတော်နေ့ကို ကျင်းပကြကြောင်း အခုလို ပြောပြပါတယ်။

“ကချင်လူမျိုးတွေဟာ အခုအများစု ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်လာကြတယ်။ ဒါပေမဲ့ သူတို့ခရစ်ယာန်ဘာသာဝင်တွေ မဖြစ်လာခင်ကတည်းကကိုက ရိုးရာနတ်ကိုးကွယ်တဲ့ခေတ်ကတည်းကပဲ ကောက်သစ်စားပွဲဆိုတဲ့ရိုးရာပွဲတွေရှိတယ်။ ကောက်လှိုင်းရလာပြီးဆိုရင် တရွာလုံးကစုစားတယ်၊ နတ်ပူဇော်တယ်။ နောက်ကျတော့ ခရစ်ယာန်ဘာသာဝင်အဖြစ်ကို ကိုးကွယ်သက်ဝင်ယုံကြည်လာတဲ့အခါကျတော့ Thanksgiving နိုဝင်ဘာလမှာလုပ်တာနဲ့ ကချင်လူမျိုးတွေရဲ့ မိရိုးဖလာ ကောက်သစ်စားပွဲလုပ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလမှာလုပ်တာလဲကိုက်နေတော့ ဒီယာဉ်ကျေးမှုနဲ့ ဒီဘာသာရေးနဲ့ ပြန်ပေါင်းလိုက်တဲ့အခါမှာကျတော့ ကောက်သစ်စားပွဲဆိုတာကို ပုံမှန်လုပ်ဖြစ်တာပေါ့နော်။ အဲဒီနေ့ကျရင် ဘုရားကိုပြန်ပြီးပေးဆပ်တဲ့ပုံ သဘောအနေနဲ့ အကောင်းဆုံးအလှဆုံးကောက်ပဲသီးနှံ၊ အသီးတွေအနှံတွေကို ယူလာပြီးတော့ အဲဒီမှာဘုရားကို ကျေးဇူးတော်ချီးမွမ်းတာပေါ့နော်။”

ကျေးဇူးတော်နေ့ ကျရောက်တိုင်း မိသားစုတွေ စုပေါင်းညစာစားပွဲကျင်းပကြသလို အားလပ်ရက် ခရီးရှည်တွေထွက်ကြတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီလို အားလပ်ရက်ခရီးထွက်ကြတဲ့အထဲမှာ ဗာဂျီးနီးယားပြည်နယ်မှာနေထိုင်တဲ့ ကော်လိပ်ကျောင်းသူတဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ Jaccia ရဲ့မိသားစုလည်းပါပါတယ်။ အားလပ်ရက်ခရီးရှည်ထွက်ပြီး ကျေးဇူးတော်နေ့ကို ပင်လယ်ကမ်းခြေမှာ စုပေါင်းကျင်းပကြမယ်လို့ Jaccia က အခုလိုပြောပြပါတယ်။

“အရင်နှစ်နဲ့မတူဘူးပေါ့နော်။ အရင်နှစ်က ဒီပတ်ဝန်းကျင်မှာပဲ လုပ်ကြတယ်ဆိုတော့၊ ဒီတခေါက်က အမှတ်တရလည်းဖြစ်သွားအောင် ဆိုပြီးတော့ ဟိုး - South Carolina - Myrtle Beach မှာ သွားလုပ်ဖို့အစီအစဉ်ရှိတယ်။ Celebrate လုပ်ကြမယ် အကုန်လုံး - ဒီမိသားစုရယ်မဟုတ်ဘူး၊ အမေရဲ့မိသားစု ညီမတွေအကုန်လုံး ဟိုမှာပေါင်းပြီးတော့ အမှတ်တရလေးဖြစ်သွားအောင်ပေါ့နော်၊ အဲလိုမျိုးလုပ်ဖို့အစီအစဉ်ရှိပါတယ်။”

အမေရိကန်အများစုကတော့ ဒီကျေးဇူးတော်နေ့ အားလပ်ရက်မှာ ရိုးရာစားစရာတွေဖြစ်ကြတဲ့ ကြက်ဆင်ကြီးတွေကို ပေါင်းစားကြသလို ဘိုစားပဲတွေ၊ ကစွန်းဥတွေပါဝင်တဲ့ အစားအစာတွေကို ချက်စားပြီး ဆင်နွှဲလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG