သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်၏ ရုပ်ပုံလွှာ


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတ္ထုပ္ပတ္တိစာအုပ် မျက်နှာဖုံးပုံ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတ္ထုပ္ပတ္တိစာအုပ် မျက်နှာဖုံးပုံ။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း ရေးသားထားတဲ့ “မြန်မာပြည်ရဲ့အာဏာရှင်” ဆိုတဲ့စာအုပ် ထုတ်ဝေဖြန့်ချိတဲ့အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်း မှာ မနေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်ဟာ ချွတ်ခြုံကျခဲ့ရ တဲ့အကြောင်းနဲ့ သူ့ရဲ့ ထူးခြားတဲ့ စရိုက် သဘာဝတွေကို စာရေးသူ Benedict Rogers က ရေးသားဖော်ပြထားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက် ခဲ့တဲ့ ကိုကျော်အောင်လွင်က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့အကြောင်း အတ္ထုပ္ပတ္တိဆန်ဆန်ရေးထားတဲ့ စာမျက်နှာ ၂၅၀ ပါ စာအုပ်ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး ရေးထား တာတော့မဟုတ်ပါဘူး။ စာရေးသူ ဘန်းနဲဒစ် ရော်ဂျားစ်က မြန်မာပြည်ကိုလည်း တကြိမ်မကရောက်ဖူးတဲ့သူ၊ မြန်မာ့အရေးလှုပ်ရှားမှုကိုလည်းစိတ်ဝင်တစားရှိသူ ဖြစ်ပြီး သူကိုယ်တိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်းဖြစ်ပါတယ်။

သူ ဒီစာအုပ်ကိုရေးတဲ့အခါမှာ ဗိုလ်ချုပ်မှူးးကြီးသန်းရွှေနဲ့ဆုံခဲ့ဖူးတဲ့ သံတမန် အသိုင်းအဝိုင်းကပုဂ္ဂိုလ်တွေ၊၊ ဗိုလ်ချုပ်မှူးကြီးလက်ထက်မှာ စစ်မှုထမ်းခဲ့ဖူးတဲ့ စစ်သားဟောင်းတွေ၊ လက်ရှိစစ်မှုထမ်းတချို့နဲ့ ဆက်သွယ်မေးမြန်းပြီး ရတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံရေးသားထားတာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူတော်တယောက်ဖြစ်ပေမယ့် လူကောင်း တယောက်တော့ မဟုတ်ဘူးလို့ ဘန်းနဲဒစ် ရော်ဂျားစ်ကပြောပါတယ်။

“ဗိုလ်ချုပ်မှူးးကြီးသန်းရွှေဟာ နိုင်ငံမှာ ထိပ်ဆုံးနေရာကိုရအောင်ယူခဲ့တဲ့သူ၊ ၁၉၉၂ ခုနှစ်ကစပြီး ဗိုလ်ချုပ်မှူးကြီးရာထူးကိုရခဲ့တယ်၊ သူဟာ စစ်တပ်အပေါ်မှာ ရော တိုင်းပြည်အပေါ်မှာပါ မဟာဗျူဟာကျကျ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခွဲခြား ဆက်ဆံပြီး အုပ်ချုပ်တတ်တဲ့သူ၊ ကျနော်တို့ထင်ထားတာထက် ပိုပြီးတော့ ပါးရေ နပ်ရေရှိတဲ့သူ၊ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာလည်း ကောင်းကောင်း လှည့်ပတ် ကစားနိုင်တဲ့သူ၊ နိုင်ငံတကာရဲ့ဖိအားတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထိန်းပြီးတော့ တုန့်ပြန်တတ်တဲ့သူ၊ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း ကိုကြိုက်တဲ့သူ၊ ဗေဒင်ယတြာကို ယုံကြည်အားကိုးတဲ့သူ၊ တိုင်းမ်မဂ္ဂဇင်းကို ဖတ် တဲ့သူ၊ အင်တာနက်ကိုအသုံးပြုနိုင်တဲ့သူ စတဲ့အရည်အချင်းတွေရှိတဲ့သူပါ။” လို့ ဘန်းနဲဒစ် ရော်ဂျားစ်က ပြောသွားပါတယ်။

“သူဟာ အာဏာရှင်ဟောင်းဦးနေဝင်းကို အတုခိုးပုံတူကူးတဲ့သူဆိုပေမယ့် ဦးနေဝင်းက ပိုပြီးတော့ တိုင်းပြည်နဲ့စစ်တပ်အပေါ် ဆွဲဆောင်မှုရှိလိမ့်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် မြန်မာပြည်နဲ့မြန်မာ့တပ်မတော်ဟာ သမိုင်းတပတ် လည်သလိုမျိုး ဦးနေဝင်းအုပ်ချုပ်ခဲ့သလို အာဏာရှင်တဦး ပြန်အုပ်ချုပ်တာမျိုး ကြုံနေရပါတယ်။” လို့ ဘန်နဲဒစ် ရော်ဂျားစ်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့ သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်မှာ နေရာမပေးဘဲထားတဲ့ သူ့ရဲ့ ပါးနပ်တဲ့ ဆက်ဆံရေး၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ်မှာ အနှိမ်နင်းခံရတဲ့ တိုင်းရင်းသား ဒေသတွေအကြောင်း၊ သူ့အုပ်ချုပ်မှုကာလမှာ အမွေတခုအဖြစ် ထူးထူးခြားခြား ထားခဲ့ချင်တာက နေပြည်တော်စီမံကိန်းပဲဆိုတဲ့ အကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို လုံးဝထည့်မတွက်ဘဲ ပြည်တွင်းက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို ပီပီပြင်ပြင် ချေမှုန်းထိန်းချုပ်ခဲ့တဲ့အကြောင်း၊ နောက်ဆုံး နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့အထိရည်ရွယ်ပြီး စီစဉ်မှုတွေရှိလာတဲ့ တကယ့် အာဏာရှင်ကြီးတဦးဖြစ်တဲ့အကြောင်း” စာရေးသူဘန်းနဲဒစ် ရော်ဂျားစ် က ပြောပါတယ်။

“အမှန်မတော့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှု အောက်မှာ လုံးလုံးကျရောက်နေရပြီးတော့ သူ့ရဲ့လက်ထက်မှာ မြန်မာပြည်ရဲ့ စီးပွားရေးဟာလည်း အဖျက်စီးခံခဲ့ရတယ်။သူ့ရဲ့တိုင်းသူပြည်သားတွေကလည်း ဒုက္ခတွေ ကြီးကြီးမားမား ကြုံတွေ့ခံစားနေရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ ကမ္ဘာပေါ်က အဆိုးရွားဆုံး အာဏာ ရှင်တွေထဲက တဦးပါပဲ။ သူပြောင်းလဲလာလိမ့်မယ်လို့လည်း မမျှော်လင့်ပါဘူး။ သူပြောင်းလဲဖို့ဆိုရင် သူ့ကိုပဲ သီးသန့်ဖိအားတွေပေးပြီး တဘက်ကလည်း သူ့ကို ထိထိရောက်ရောက် စေ့စပ်ဆွေးနွေးနေနိုင်မှ ရလိမ့်မယ်လို့ ယူဆတဲ့အကြောင်း၊” စာရေးသူ ဘန်းနဲဒစ် ရော်ဂျားစ်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးကိုစိတ်ဝင်စားတဲ့ သတင်းသမားတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မြန်မာပြည် ပေါ်မှာထားတဲ့ သဘောထားတွေပေါ်မှာ Benedict Rogers နဲ့ အမြင် တူညီတာတွေ၊ မတူညီတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG