ကမ္ဘာကျော် Times မဂ္ဂဇင်းရဲ့ ၂၀၁၆ ခုနှစ်အတွက် အာရှတိုက်က အကောင်းဆုံး တက္ကသိုလ်ကျောင်းတွေ စာရင်းမှာ စင်္ကာပူနိုင်ငံက ထိပ်ဆုံးမှာ ရှိနေပါတယ်။
စင်္ကာပူက သက်တမ်းအရင့်ဆုံး စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ဟာ သုတေသန လေ့လာမှုတွေနဲ့ နည်းပညာကဏ္ဍမှာ ထူးချွန်မှုတွေကြောင့် အာရှတိုက်မှာ အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကြာ သက်တမ်းတလျှောက် NUS တက္ကသိုလ်ဟာ ဗြိတိသျှပုံစံ လူနည်းနည်းနဲ့ အစမ်းစာမေးပွဲစနစ်မျိုးနဲ့ အမေရိကန်ပုံစံ ဒီဂရီရဖို့ credit စနစ်နဲ့ ဘာသာရပ်တွေကို သင်ယူရတဲ့ နည်းစနစ်တွေနဲ့ အောင်မြင်မှု ရနေတယ်လို့လည်း Times မဂ္ဂဇင်းက ဖော်ပြပါတယ်။
ဒုတိယအကောင်းဆုံး တက္ကသိုလ်ကိုလည်း စင်္ကာပူနိုင်ငံက သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ နန်ယမ်းစက်မှုတက္ကသိုလ် (NTU) ကို ရွေးချယ်ခဲ့ပါတယ်။ NTU တက္ကသိုလ်ဟာ အင်ဂျင်နီယာနဲ့ နည်းပညာဘာသာရပ်တွေအတွက် ထင်ရှားသလို၊ နန်ယမ်းစီးပွားရေးပညာဌာနဟာ ဆိုရင်လည်း နိုင်ငံပေါင်း ၂၀ ကျော်က ပါမောက္ခပေါင်း ၁၆၀ ကျော်နဲ့ စင်္ကာပူမှာ အကြီးဆုံး ကျောင်းတကျောင်းအဖြစ် နာမည်ကြီးပါတယ်။
အာရှတိုက်မှာ တတိယအကောင်းဆုံးတက္ကသိုလ်ကတော့ တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်ပါ။ ၁၉ ရာစုနှစ်မှာ တည်ထောင်ခဲ့တဲ့ တက္ကသိုလ်ဟာ သုတေသနအတွက် ထင်ရှားတဲ့ကျောင်းအဖြစ် သုတေသနဌာနပေါင်း ၂၁၆ ခု ရှိပါတယ်။ ပီကင်းတက္ကသိုလ်ရဲ့ စာကြည့်တိုက်ဟာ အာရှတိုက်မှာ အကြီးဆုံးအဖြစ် စာအုပ်ပေါင်း ၁၁ သန်းနဲ့ တခြားမှတ်တမ်းတွေလည်း ရှိပါတယ်။