သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲဖြစ်ပွား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တွေ့ဆုံစဉ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တွေ့ဆုံစဉ်။

အပစ်အခတ်တွေ ရပ်စဲထားတယ်ဆိုပေမဲ့ မြန်မာအစိုးရတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်တွေ တိုက်ပွဲတွေပြန်ပြီး ဖြစ်နေတာပါ။ နောက်ဆုံးအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ထဲက ကေအန်ယူ တပ်မဟာ ၅နယ်မြေထဲမှာ မြန်မာအစိုးရတပ်တွေနဲ့ ကေအန်ယူတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကေအန်ယူ စစ်ဦးစီးပထမတန်း အရာရှိ ဗိုလ်မှူးချုပ် မဲ့အေစိန်က ပြောကြားလိုက်ပါတယ်။

“တပ် ၁၀၂ပေါ့။ တပ်မဟာတပ်ရင်းထဲ ဝင်လာတယ်။ ကျေးရွာနားမှာပဲ တိုက်ပွဲဖြစ်တယ်။”

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတာ တနှစ်ကျော်ကြာခဲ့ပေမဲ့ ထိရောက်တဲ့ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်ခြင်းမရှိပဲ တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီး မြန်မာ အစိုးရဘက်က စစ်ရေးပြင်ဆင်မူတွေ တိုးလာတယ်လို့ လည်း ဗိုလ်မှူးချုပ် မဲ့အေစိန်က ဆိုပါတယ်။

“ တပ်မဟာ ၂ကလည်း အဲ့ဒီ့ဇွန်လထဲ ဖြစ်တယ်။ တပ်မဟာ ၄လည်းဖြစ်တယ်။ တပ်မဟာ ၅လည်းဖြစ်တယ်။ ကြည့်ရတာ ဒီအပစ်အခတ်ရပ်စဲရေး တစ်နှစ်ကျော်ကာလ မှာပြောရမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး ဘာမှ မလုပ်နိုင်ဘူး။ ဘာတခုမှ မလုပ်နိုင်ဘူး။ သူတို့ဘက်က တပ်အင်အားတွေ ဖြည့်တယ်။ တပ်စခန်းအသစ်တွေ ဆောက်တယ်။ တပ်စခန်းဆောက်တဲ့နေရာမှာ တကယ့် တပ်အမာခံ ကွန်ကရစ်တွေ၊ ဆောက်တယ်။ ပြောရမယ်ဆိုရင် ယုံကြည်မှုတခုတည်ဆောက်ဖို့ အပစ်အခတ်ရပ်စဲရေး အင်္ဂါရပ်နဲ့ညီအောင် တခုမှ မလုပ်ပဲနဲ့ .. အခုက တဖြေးဖြေး စလာတဲ့သဘောပဲ။ တပ်နေရာ မသွားရတဲ့နေရာတွေ အခုက သွားနေတယ်။ ”

မြန်မာအစိုးရတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေပြန်ဖြစ်နေတာနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကေအန်ယူဘက်ကတော့ တိုက်ပွဲတွေဖြစ်တိုင်းကန့် ကွက်မူတွေ ရှိခဲ့တယ်လို့ လည်း ကေအန်ယူဘက်ကပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တိုင်း အမြဲတမ်းကန့်ကွက်တာတွေ လုပ်နေတယ်။တပ်မဟာမှူးကို အကြောင်းကြားတယ်။ တပ်ရင်းမှူးတွေကိုလည်း အကြောင်းကြားတယ်။ သူတို့ပြန်ထိန်းပါမယ်ဆိုပြီး နောက်တစ်ရက်နှစ်ရက်ကျရင် ထဖြစ်ရော၊ သူတို့ဘက်က မမှားဘူး။ ဒီက မှားသလိုလုပ်နေတယ်။”

ကေအန်ယူအဖွဲ့ဟာ မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ကျော် လက်နက်ကိုင်တိုက်ခဲ့ပြီးနောက် ၂၀၁၂ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG