သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ရိုဟင်ဂျာ” အမည်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာန သဘောထား


ရိုဟင်ဂျာလို့ သံရုံးက သုံးနှုန်းခဲ့တဲ့ အပေါ် အမေရိကန် သံရုံးရှေ့ ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ။ (ဧပြီ ၂၈၊ ၂၀၁၆)
ရိုဟင်ဂျာလို့ သံရုံးက သုံးနှုန်းခဲ့တဲ့ အပေါ် အမေရိကန် သံရုံးရှေ့ ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ။ (ဧပြီ ၂၈၊ ၂၀၁၆)

မြန်မာနိုင်ငံအနေနဲ့ တရားဝင်အသိအမှတ်ပြုမထားတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးစေချင်ပေမယ့်လို့၊ နိုင်ငံခြားအစိုးရတွေက သူတို့ ကိုယ်ပိုင်သဘောနဲ့ ခေါ်ဝေါ်သုံးစွဲတာကိုတော့ တရားဝင်ကန့်ကွက်စရာမရှိဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်သံရုံးရဲ့ ကြေညာချက်တခုမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း ခေါ်ဝေါ်သုံးစွဲခဲ့တာနဲ့ပတ်သက်လို့ ဆန္ဒပြကန့်ကွက်မှုတွေ ရှိခဲ့ပြီးနောက်၊ နိုင်ငံခြားဌာနဖက်က ဒီကိစ္စအပေါ် အမေရိကန်သံရုံးကို တရားဝင်ဆက်သွယ် စာပေးပို့ခဲ့တယ်ဆိုပြီး သတင်းတွေ ပေါ်ထွက်ခဲ့တာပါ ။မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်း ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းရာမှာ မြန်မာနိုင်ငံခြားရေးဌာနအနေနဲ့ အခုလို တရားဝင် စာအဆက်အသွယ်လုပ် ကန့်ကွက်တယ်ဆိုတာကို သူက အခုလို ငြင်းဆိုသွားတာပါ။

“မေး။ ။ ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လုံးဝသံရုံးကို အကြောင်းကြားထားတာမရှိဘူးပေါ့နော်။

ဖြေ။ ။ မရှိပါဘူးခင်ဗျာ။

မေး။ ။ ဟုတ်ကဲ့ဆိုတော့ ကျနော်ခပ်တိုတိုလေးပဲမေးချင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာရော ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ policy မူဝါဒ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနတင်မကပါဘူး။ မြန်မာနိုင်ငံတနိုင်ငံလုံး ၊ နိုင်ငံတော်အစိုးရကစပြီးတော့ ပြည်သူတရပ်လုံးကနေပြီးတော့ ရိုဟင်ဂျာဆိုတဲ့ စကားကို ကျနော်တို့ သုံးတာမရှိပါဘုူး တရားဝင်အနေနဲ့ ။ ရိုဟင်ဂျာဆိုတဲ့စကားဟာဆိုလို့ရှိရင် ပြည်ပကနေပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်မှုနဲ့ ပတ်သက်ပြီး မသက်ဆိုင်တဲ့သူတွေ သုံးတဲ့စကားဖြစ်ပါတယ်။

မေး။ ဒါပေမယ့် ကျနော်ခုနတုန်းက သမ္မတရုံးဘက်ကို မေးကြည့်တော့ ဦးဇော်ဌေးကတော့နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ ဒီလိုမျိုးအကြောင်းကြားထားတဲ့ဟာ ရှိတယ်ဆိုတဲ့ပုံစံမျိုး ပြောသွားတယ်။

ဖြေ။ ။ ဦးဇော်ဌေးက ကျနော်တို့ကို ဆက်သွယ်လာတာမရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့လည်း ဒီလိုမျိုး ခင်ဗျားတို့ပြောနေတဲ့ အမေရိကန်သံရုံးကို တရားဝင်ကန့်ကွက်တယ်ဆိုတဲ့ စကားလည်း မရှိပါဘူး ကျနော်တို့အနေနဲ့ တရားဝင်ကန့်ကွက်လို့လည်း မသင့်တော်ဘူးလို့ထင်ပါတယ်။ ဒါက သူတို့နိုင်ငံက သူတို့ဟာသူတို့ သုံးတဲ့စကားကို ကျနော်တို့က မသုံးနဲ့ဆိုပြီး ကန့်ကွက်တဲ့ဟာကတော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။ ကျနော်တို့က ရိုဟင်ဂျာကို မသုံးစေချင်ပါဘူး ဆိုတဲ့ဟာကိုတော့ သူတို့ကိုကျနော်တို့ဘက်က အသိပေးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ဟာကို သုံးခြင်းအားဖြင့် နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ အထောက်အကူမပြုပါဘူးဆိုတဲ့ဟာကို သူတို့လည်း သိပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ကန့်ကွက်တာတော့မဟုတ်ဘူး မသုံးစေချင်ဘူးလို့ အန်ကယ်တို့ဘက်ကပြောခဲ့တယ်ပေါ့။

ဖြေ။ ။ ကျနော်တို့က သုံးတာကို ကြိုက်ကိုမကြိုက်ပါဘူး။ မသုံးလည်း မသုံးစေချင်ပါဘူး။ ဒါပေမယ့် မသုံးစေချင်ဘူး၊ ကန့်ကွက်တယ်ဆိုတဲ့ဟာကိုလည်း ခင်ဗျားပြောတဲ့တရားဝင် ကန့်ကွက်တာမှရှိပါဘူး။ ကျနော်တို့ရဲ့ ခံစားချက်ကို သူတို့သိပါတယ်။

မေး။ ။ အဲဒါကို မသုံးစေချင်တဲ့ကိစ္စကို ပြောဘူးတယ် ဒါပေမယ့် တရားဝင် ကန့်ကွက်တာတော့မဟုတ်ဘူးပေါ့နော်။

ဖြေ။ ။ မသုံးစေချင်ဘူးဆိုတဲ့ဟာကတော့ ကျနော်တို့ ဟိုအစဉ်အဆက်ဆက်က ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ ကုလသမဂ္ဂမှာလည်း ကျနော်တို့ ပြောပါတယ်။ ကျနော်တို့နဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပြုလုပ်နေတဲ့ နိုင်ငံအားလုံးကိုလည်း ကျနော်တို့ ပြောပါတယ်။”

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးအောင်လင်း ကို ကိုရန်နိုင် ဆက်သွယ်မေးမြန်းခဲ့တာပါ။ အမေရိကန်သံအမတ်ကြီး Scot Marciel ကတော့ မြန်မာအစိုးရက လက်မခံဘူးဆိုတဲ့အတွက်ကြောင့်တော့ ဒီအမည်ကို (အမေရိကန်က) မသုံးပဲနေမှာမဟုတ်ဘူးလို့ ဧပြီလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းတွေ အနေနဲ့ ဘယ်နေရာမှာပဲ ရှိနေနေ သူတို့အပေါ် ခေါ်စေ ချင်တဲ့အမည်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတာကို အသိအမှတ်ပြုတာဟာ အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် လုပ်ရိုးလုပ်စဉ် ကိစ္စသာ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းက ခေါ်စေချင်သလို သုံးနှုန်းလေ့ရှိပြီး၊ ဒါဟာလည်း နိုင်ငံရေး ဆုံးဖြတ်ချက်မဟုတ်တဲ့အကြောင်း သံအမတ်ကြီးက ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့တုန်းက ရခိုင်ပြည်နယ်မှာ လူပေါင်း ၄၀ လောက် သေဆုံးခဲ့ရတဲ့ စက်လှေ မတော်တဆ နစ်မြုပ်မှုမှာ ရိုဟင်ဂျာလို့ အမေရိကန်သံရုံးက ခေါ်ဝေါ်သုံးစွဲခဲ့တာပါ။ ဒီအပေါ် အမျိုးသားရေးဝါဒီအချို့က အမေရိကန်သံရုံးကို ကန့်ကွက်ဆန္ဒပြခဲ့ကြသလို၊ မြန်မာအစိုးရအနေနဲ့လည်း ဒီကိစ္စအပေါ် သံရုံးကို တရားဝင်ကန့်ကွက်ဖို့ဆိုပြီးတောင်းဆိုခဲ့ကြပါတယ်။ မြန်မာအစိုးရအနေနဲ့တော့ ရခိုင်ပြည်နယ်အတွင်းက မူဆလင်လူနည်းစုတွေကို ဘင်္ဂလီလို့သာ ခေါ်ဝေါ်သုံးစွဲပြီး၊ အဲဒီ ဒေသခံ မူဆလင်တွေကတော့ သူူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သုံးနှုန်းကြပါတယ်။

XS
SM
MD
LG