မြန်မာနိုင်ငံမှာ အလွန်ဆိုးရွားတဲ့ ဒီကနေ့အခြေအနေဟာ တကယ့်ကို စိတ်ပျက် စရာကောင်း လှပါတယ်လို့ အမေရိကန် အောက် လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce က ဖေဖော်ဝါရီလ ၁ ရက်၊ ကြာသပတေးနေ့ ထုတ်ပြန်ချက်တခုမှာ ပြောလိုက် ပါတယ်။
ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ကို ရဲရင့်ပြီး လေးစားဖွယ်ကောင်းသူတွေအဖြစ် အများအပြားက သိထားကြကြောင်း၊ သူတို့ဟာ သူတို့အလုပ်ကိုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအချက်တခုအတွက် အဓိပ္ပါယ်မဲ့ စွဲချက်တွေနဲ့ ဆက်ပြီး အဖမ်းခံထားကြရတယ်လို့ မစ္စတာ Royce ကပြောပါတယ်။
ဗုဒ္ဓဟူးနေ့ တရားရုံးချိန်းအတွင်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ ရှေ့နေဖြစ်သူက သူတို့အတွက် အာမခံလျှောက်ထားတာကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ပယ်ချလိုက်တယ်ဆိုတဲ့ သတင်းအပေါ်အခြေခံပြီး မစ္စတာ Royce ကပြောထားတာပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonion Guterres ကလည်း ရိုက်တာ သတင်းထောက်တွေ ပြန်လွတ်လာရေး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တတ်နိုင်သမျှအားလုံး လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း ကြာသပတေးနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric ကပြောသွားပါတယ်။
မစ္စတာ Royce ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသေ အလောင်းတွေကို အစုအဝေးလိုက်မြှုပ်နှံထား တဲ့ နောက်ထပ်နေရာ ၅ ခုရှိနေတာကို အတည်ပြုနိုင်ပြီဆိုတဲ့ AP သတင်းဌာနရဲ့သတင်းကို ကိုးကားဖော်ပြထားပါသေးတယ်။
ဒါဟာ မကြာသေးခင်လတွေအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့တွေက ကျူးလွန်တဲ့ မရေ မတွက်နိုင်တဲ့ သတ်ဖြတ်မှုတွေထဲက တခုသာဖြစ်ကြောင်း၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုကို ရပ်ပစ်ရမှာဖြစ်ကြောင်း၊ ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကို တာဝန်ခံမှုရှိစေရေး အရေးယူလုပ်ဆောင်ဖို့အတွက် အမေရိကန် အောက်လွှတ်တော်က တောင်းဆိုထားကြောင်း၊ အမေရိကန်အစိုးရရဲ့ နောက်ဆက်တွဲ လုပ်ဆောင်ချက်ကို စောင့်မျှော်နေကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ Ed Royce ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။