သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ မှာ ထင်ရှားတဲ့ တိုင်းပြည် အဖြစ် မြန်မာကို Economist မဂ္ဂဇင်း ရွေးချယ်


ရန်ကုန်ရှု့ခင်း။
ရန်ကုန်ရှု့ခင်း။

၂၀၁၅ ခုနှစ်အတွက် ထူးခြားထင်ရှားနိုင်ငံအဖြစ် မြန်မာနိုင်ငံကို The Economist မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ ကမ္ဘာ့ ထိပ်တန်းသတင်းတွေထဲမှာ မကြာခန ပါလေ့ရှိတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေထဲကမှ မြန်မာနိုင်ငံကို ရွေးချယ်တာပါ။ ကမ္ဘာကြီး ကို ပိုမိုကောင်းမွန်တဲ့ နေရာတခုဖြစ်စေခဲ့တဲ့ နိုင်ငံတနိုင်ငံကို အသိအမှတ်ပြုချင်ပါတယ်လို့ The Economist မဂ္ဂဇင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့စွဲနဲ့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်ကဆိုရင် မြန်မာနိုင်ငံဟာ အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကိုတောင်မှ စာနယ်ဇင်းတွေထဲ မှာ ဖော်ပြခွင့် မရှိခဲ့ပါဘူးလို့ The Economist က ရေးပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီဟာ ရွေးကောက်ပွဲတွေမှာ ၇၀ ရာခိုင်နှုန်း ကျော် အနိုင်ရခဲ့တာကို ဖော်ပြထားပါတယ်။ အထူးအခွင့်အရေးကြီးတွေ ရထား တဲ့ စစ်တပ်ကလည်း အာဏာကို ခွဲဝေပေးဖို့ အဆင်သင့်ရှိနေပုံရတယ်လို့ The Economist က ဆိုပါတယ်။

ဆိုးရွားတဲ့ အခြေအနေမျိုး ရောက်သွားနိုင်ဆဲရှိပြီး ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံတာတွေကတော့ ရှိနေတုန်းပဲလို့ ထောက်ပြထားပါတယ်။

ဒါပေမဲ့လည်း ဒီမိုကရေစီနဲ့ အလားတူပုံစံတခုဆီ အသွင်ကူးပြောင်းသွားတာကတော့ ဘယ်သူမဆို တွေးထင်နိုင်တာထက် ပိုမြန်နေတာကြောင့် မြန်မာနိုင်ငံဟာ ဒီ အသိအမှတ်ပြုမှုကို ရသွားပါတယ်လို့ The Economist မဂ္ဂဇင်းက ရေးထားပါတယ်။

XS
SM
MD
LG