သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Carter ဦးဆောင်တဲ့ The Elders အဖွဲ့ မြန်မာနိုင်ငံရောက်


အမေရိကန်သမ္မတဟောင်း Jimmy Carter။
အမေရိကန်သမ္မတဟောင်း Jimmy Carter။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ် အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ဦးဆောင်တဲ့ The Elders အဖွဲ့ဝင် သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။ အထင်ကရ နိုင်ငံရေးနဲ့ လူမှုရေး ခေါင်းဆောင်တွေပါဝင်တဲ့ The Elders အဖွဲ့ရဲ့ သုံးရက်ကြာ ခရီးစဉ်အကြောင်းနဲ့ပတ်သက်လို့ ဒေါ်လှလှသန်းက တင်ပြပေးပါမယ်။

အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ ဦးဆောင်တဲ့ The Elders အထင်ကရ ပုဂ္ဂိုလ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီကနေ့ ဆိုက်ရောက်ခဲ့ပါတယ်။ သုံးရက်ကြာ လက်ရှိ ခရီးစဉ်နဲ့ပတ်သက်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံအခြေစိုက် Mango Media က ဒေါ်အေးနှင်းဆွေ က အခုလို ပြောပါတယ်။

“သုံးယောက်ပေါ့နော်၊ ကျမတို့ ဒီ Media Advisory ထဲမှာလည်း ရေးထားပါတယ်။ အမေရိကန် သမ္မတဟောင်း Jimmy Carter ရယ်၊ ဖင်လန်နိုင်ငံ သမ္မတဟောင်း Martti Ahtisaari ရယ်၊ နော်ဝေးနိုင်ငံ ဝန်ကြီးချုပ်ဟောင်း၊ နောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ်ဟောင်းလည်းဖြစ်တဲ့ Gro Harlem Brundtland တို့ သုံးဦး ပါပါတယ်။ သူတို့ ဒီခရီးကို လာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ဒီမိုကရေစီ အသွင်ကူးပြောင်းပြီး လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖို့ပေါ့။ နောက်ပြီး အစိုးရနဲ့ လက်နက်ကိုင် အုပ်စုတွေကြား ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို တိုက်တွန်းအားပေးဖို့နဲ့ လူမှု အသိုင်းအဝိုင်းထဲမှာ အချင်းချင်း ပြေလည်အောင် ကြိုးစားပြီး ညှိနှိုင်းအဖြေရှာဖို့ သူတို့ တတ်နိုင်တဲ့ဘက်က အကူအညီပေးဖို့၊ အဲဒီအတွက်ကို ဒီခရီးကို လာကြပါတယ်။”

လက်ရှိ ခရီးစဉ်အတွင်း The Elders ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းအပြင် အမျိုးသမီးများ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ဟာ The Elders ကိုယ်စားလှယ်အဖွဲ့နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ကို မ တည်သူလည်းဖြစ်၊ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်တဲ့ ဒေါ်ခွန်ဂျာ က အခုလို တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဗွီအိုအေကို ပြောပါတယ်။

“သူတို့ရဲ့ ရည်ရွယ်ချက် ၂ ချက်ကလည်း ကျမတို့နဲ့ တော်တော်လေး ကိုက်ညီပါတယ်။ နံပါတ် ၁ က ဘာလဲဆိုတော့ Democratic Transition Process ကို အဲ့ဒါကို ၂၀၁၅ Election အထိ ကောင်းမွန်အောင် လုပ်နိုင်ဖို့ ပံ့ပိုးမယ်။ ဒုတိယတချက်ကတော့ Ceasefire ကနေပြီးတော့မှ Ethnic Group တွေနဲ့ Arm Groups တွေနဲ့ ငြိမ်းချမ်းရေး ရရှိသွားဖို့ ပံ့ပိုးကူညီသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို ဦးစားပေးပြီး ရောက်ရှိလာတယ်ပေါ့နော်။ ဆိုပြီးမှပြောထားတဲ့အတွက် ကျမတို့နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ယူဆတဲ့အတွက်ကြောင့် တွေ့ဆုံဖို့အတွက် ကျမတို့လည်း လက်ခံထားတာပါရှင်။”

“အဲတော့ အဓိကအားဖြင့် ဒီမှာကတော့ ကျမတို့အနေနဲ့ ဘာဖြစ်လို့များ အခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အထူးသဖြင့် ကျမတို့ ကချင်အမျိုးသားဖြစ်တဲ့ KIA နဲ့ Process မှာ ဘာတွေကများ အဟန့်အတား ဖြစ်နေလဲ၊ ဘာကြောင့်မို့လဲ ဆိုတဲ့ကဏ္ဍကို ကျမတို့ တင်ပြပေးဖို့ ရှိပါတယ်။ နောက်တခုကတော့ Nationwide Ceasefire ပြုလုပ်ဖို့ ကဏ္ဍမှာ ကျမတို့ ကချင်လူမျိုးများရဲ့ အမြင်ကို တချက် ပြောပြပေးဖို့ ရှိပါတယ်။ အဲဒီကနေပြီးတော့မှ တကယ်တမ်း The Elders အဖွဲ့က ကျမတို့ကို ဘယ်လို ပံ့ပိုးကူညီနိုင်မလဲဆိုတာကို တင်ပြဖို့ ရှိပါတယ်။”

“တကယ်တမ်း သူတို့အနေနဲ့ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာတော့ ကျမတို့ မသိဘူးပေါ့။သို့သော်လည်းပဲ ကျမတို့အမြင်ကနေ သူတို့ ဘယ်ကဏ္ဍက ပါဝင်နိုင်မလဲ ဆိုတာတော့ တောင်းဆိုဖို့ ရှိပါတယ်။ နောက်တခုကတော့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍပေါ့၊ အခုအကုန်လုံးက ကျား ကျား ပဲ ဖြစ်နေတယ်ရှင့်။ ညှိနှိုင်းတဲ့ ကဏ္ဍတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ အင်မတန် နည်းနေတယ်။ သို့သော်လည်း စစ်ကြောင့်မို့လို့ ခံစားရတဲ့ ပုဂ္ဂိုလ်တွေဟာ အမျိုးသမီးနဲ့ ကလေးတွေ ပိုများနေတယ်ပေ့ါ။ ဒါကြောင့်မို့ အဲ့ကဏ္ဍကိုလည်း တချက် ပြောပြချင်ပါတယ်။ အဲ့ဒါမျိုးပါရှင်။”

၂၀၀၇ ခုနှစ်က တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ နယ်လ်ဆင် မန်ဒဲလား မ တည်ခဲ့တဲ့ The Elders အဖွဲ့မှာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကမ္ဘာတဝှမ်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံ ရင့်ကျက်မှုအပြင် လွှမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ကြတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၁ ဦးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် က ဥက္ကဌဖြစ်ပါတယ်။

တချိန်က ဒီ The Elders အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့တာဖြစ်ပေမဲ့ လက်ရှိ ရာထူးလက်ကိုင်မဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကြောင့်မို့လည်း ၂၀၁၂ ခုနှစ်က ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ The Elders အဖွဲ့ကနေ အနားယူခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ သမ္မတဟောင်း ဂျင်မီ ကာတာအနေနဲ့ ဒါဟာ မြန်မာနိုင်ငံကို ဒီနှစ်အတွင်း ဒုတိယအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ ပထမတခေါက် ဧပြီလက နှစ်ရက်ကြာခရီးစဉ်အတွင်း သမ္မတဟောင်း ကာတာဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် လွှတ်တော်ဥက္ကဌတွေ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မင်းအောင်လှိုင်အပြင် လူမှုနယ် တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

လက်ရှိခရီးစဉ်အတွင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ The Elders အဖွဲ့ဟာ သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ The Elders ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အဆုံးဖြစ်တဲ့ ၂၆ ရက်နေ့မှာတော့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့လည်း ရှိပါတယ်လို့ သိရပါတယ်။
XS
SM
MD
LG