သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကမ္ဘာ့ ဝါရင့်ခေါင်းဆောင်တွေ တိုက်တွန်း


ကမ္ဘာ့ဝါရင့်ခေါင်းဆောင်ကြီးများ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြု ကုလားထိုင်နှင့် အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ်။
ကမ္ဘာ့ဝါရင့်ခေါင်းဆောင်ကြီးများ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြု ကုလားထိုင်နှင့် အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ်။

The Elders လို့ခေါ်တဲ့ ထင်ရှားတဲ့ ကမ္ဘာ့ ဝါရင့်ခေါင်းဆောင်ကြီးတွေက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့အကြိုအဖြစ် ကုလသမဂ္ဂက ကြီးမှူးပြီး မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတရပ် ကျင်းပပေးပါရန် တောင်းဆိုလိုက်ကြပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘာ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ The Elders အစည်းအဝေး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိုယ်စား မြန်မာ့ပိုးပုဝါ လွှမ်းခြုံထားတဲ့ ကုလားထိုင် အလွတ်တလုံးကို ထည့်ပြီး ပြသထားပါတယ်။

တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ထူထောင်ထားတဲ့ ထင်ရှားတဲ့ ကမ္ဘာ့ ဝါရင့်ခေါင်းဆောင်ကြီးတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး ကန့်သတ် ချုပ်ချယ်မှုတွေကြောင့် ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်ကိုးစားလောက်တဲ့ ရလဒ်တွေကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ကြပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်ကြရမယ့် လူထုအပေါ် စာနာ၊ ကရုဏာ သက်မိသလို မိမိတို့နိုင်ငံ အနာဂတ်အတွက် ရဲရင့်စွာ စွန့်လွှတ် ကြိုးပမ်းနေကြသူတွေကို ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး ကုလသမဂ္ဂ ဦးဆောင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တရပ် စတင်နိုင်ဖို့ စစ်အစိုးရ၊ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား အင်အားစုတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် သက်ဆိုင်သူတွေကို ဝိုင်းဝန်းကူညီကြပါရန် အာဆီယံနဲ့ နိုင်ငံတကာ မိသားစုကို ကမ္ဘာ့ ဝါရင့်ခေါင်းဆောင်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

The Elders အဖွဲ့ထဲမှာ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan)၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့လည်း ပါဝင်ပါတယ်။

မြန်မာစစ်အစိုးရက လူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်နေသလား ဆိုတဲ့အပေါ် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို The Elders အဖွဲ့က ထောက်ခံခဲ့ပါတယ်။

XS
SM
MD
LG