သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံ ကျင်းပ


မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံမှာ စီးပွါးရေး လုပ်ငန်းရှင်တွေက တောင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာပဲ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆုံးဖြတ်နေကြသူတွေ ရှိနေပါတယ်။

အခုလို ပြည်ပကလာရောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရင်ဘောင်တန်း လုပ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အလတ်စားနဲ့ အသေးစား စက်မှု လုပ်ငန်းရှင်တွေကို အမြန်ဆုံး တိုးတက်အောင် မြန်မာအစိုးရက အားပေးဖို့အပြင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းကဏ္ဍ အတွက် ပြုပြင်ပြောင်းလဲမှှုတွေ လုပ်ဖို့ပါ လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

Beacon စီးပွားရေးလုပ်ငန်းအဖွဲ့ကြီးနဲ့ ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ချုပ်တို့ ကြီးမှူးပြီး မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံကို တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်ကြီးတွေက ပွင့်လင်းမြင်သာမှု အခုထက်ပိုပြီး ရှိဖို့အတွက် တောင်းဆိုခဲ့ကြပေမဲ့ လက်ရှိ အနေအထားမှာပဲ မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ အားသန်နေတယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းက တွဲဘက်အတွင်းရေးမှူး ဦးအေးလွင် က ပြောပါတယ်။

“Administration Reform ကို သူတို့ တအား ကြိုဆိုပါတယ်။ ဒီ့ထက်ပိုပြီးတော့ ပိုကောင်းမွန်တဲ့ မြင်သာထင်သာရှိအောင် တောင်းဆိုတာပဲရှိမယ်။ ကျနော့်အနေနဲ့ လောလောဆယ် ရင်းနှီးမြှုပ်နှံမှုကတော့ အားတက်သရော လာမှာပါ။ လက်ရှိ အနေအထားမှာရှိတဲ့ infrastructure အရ လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်ငန်းတွေကိုလည်း သူတို့ တွေ့ထားတယ်။ တချို့လည်း တော်တော်များများ စလုပ်နေပြီ။ အထူးသဖြင့် ဂျပန်ပေါ့နော်။ ဂျပန်ဘက်ကပြောတဲ့ ပုဂ္ဂိုလ်ဆိုရင် ဂျပန် ၃ ယောက် လာပြောပါတယ် ဒီမှာ။ သူတို့တွေက မည်သည့်နည်းနဲ့မဆို မြန်မာနိုင်ငံမှာ သေးသေးပဲ ရင်းရရင်းရ၊ ကြီးကြီးပဲ ရင်းရရင်းရ စတင် ရင်းနှီးဖို့ သူတို့ဘက်က ဆုံးဖြတ်ပြီးပြီ။ အဲ့ဒီအတွက် သူတို့တွေက မြန်မာအစိုးရနဲ့ လိုအပ်နေတာတွေကို မြန်မာနိုင်ငံ အစိုးရက ဖြည့်ဆည်းပေးဖို့ ဒေါ်လာ သန်း ၈၀၀ တွေ၊ အတိုးတွေ လျှော့ပေးတာ၊ အကြွေးတွေ လျှော့ပေးတာ၊ ODA Loan တွေ ပေးမှာမျိုးတွေ ထပ်တလဲလဲ ပြောသွားပါတယ်။ အဲ့ဒါတွေအားလုံး ပြီးသွားမယ်ဆိုရင် တချို့ နိုင်ငံခြားသားတွေ ဝေဖန်တဲ့ လျှပ်စစ်မီး မလုံလောက်တဲ့ ကိစ္စတွေလည်း သည်းညည်းခံ စောင့်စားပေးဖို့ မြန်မာနိုင်ငံ ကိုယ်စားတောင်မှ သူတို့က အဓိက ဦးဆောင်ပြီး ဆွေးနွေးတာဖြစ်တဲ့အတွက် လက်ရှိ အနေအထားကို အားလုံး လက်ခံပါတယ်။”

မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကံဇော်နဲ့ အကြံပေးအရာရှိ ဒေါ်မြသူဇာတို့ပါ တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းက စိန်ခေါ်မှု ပြဿနာတွေကိုပါ နိုင်ငံရပ်ခြားက လာရောက် ရင်းနှီးမြှုပ်နှံလိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ဆွေးနွေးခဲ့ကြတာပါ။

“လိုအပ်တဲ့ infrastructure အားနည်းချက်တွေ ရှိသေးကြောင်း နောက်ပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကျော်ကတည်းက စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံရတယ်။ အဲ့ဒီအနှစ် ၂၀ အရှေ့ကနေ ဆိုရှယ်လစ်စနစ်အောက်မှာ ကိုယ့်ဟာကိုယ် စီးပွားရေးပိတ်ဆို့တာတစ်ခု၊ နိုင်ငံတကာက ပိတ်ဆို့တာတစ်ခု အဲ့ဒီနှစ်ခုကြားထဲမှာ လက်ရှိ ရုတ်ချည်းအပြောင်းအလဲမှာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေ ကိုက်အောင်လို့ တိုင်းပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေက လိုက်နိုင်အောင်လို့ တော်တော် ကြိုးစားဖို့ လိုပါသေးတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေသေးတဲ့ ဆိုတဲ့အကြောင်း လောလောဆယ် လတ်တလောဖြစ်ပေါ်နေတဲ့ ဘာသာရေး လူမျိုးရေး ပြဿနာတချို့ကိုလည်း investor တွေအနေနဲ့ ရှေ့လျှောက် ပိုပြီး ဂရုတစိုက်နဲ့ လုပ်ဖို့ လိုတယ်ဆိုတဲ့အကြောင်းပေါ့”

ဒါ့အပြင် ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ အခုထိ မပြဌာန်းရသေးတဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး အားမလို အားမရ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

“FDI Law ကလည်း ၂၀၁၂ ခု နိုဝင်ဘာ ၂ ရက်နေ့ကနေပြီးတော့ လွှတ်တော်က အတည်ပြုပြီး၊ ကြေညာပြီးပြီဆိုတာကိုလည်း သူတို့ နားလည်တယ်။ Rule and Regulation တွေကိုလည်း ကြေညာပြီးပြီဆိုတာကိုလည်း သူတို့ နားလည်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထက်တောင်မှ ဂရုစိုက် လေ့လာနေပါတယ်။ ဒါပေမဲ့ ခုနပြောသလိုပေါ့ နိုင်ငံတကာ စံနှုန်းနဲ့ နည်းနည်းလေး ဟနေတဲ့အတွက် ဒီဥပဒေတွေအပေါ်မှာ တချို့အပိုင်းတွေကိုတော့ အားမလို အားမရဖြစ်တဲ့ အချက်တွေကို သူတို့ ဆွေးနွေးတာရှိပါတယ်။ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပြည်တွင်းက Partner တွေ ကောင်းကောင်းမရဘဲနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲနိုင်တဲ့အကြောင်း သူတို့ ထပ်တလဲလဲ ပြောတာတွေ့ရပါတယ်။”

အခု ပြည်တွင်းမှာ လက်တွဲလုပ်ဆောင်နိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်ကောင်းကောင်း ရှာမရတဲ့ ပြဿနာတွေနဲ့အတူ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေ ရှိနေတာကို သိကြတဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ ပွဲလန့်တုန်း ဖျာလာခင်းတဲ့ အနေအထားလို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

“ဖျာလာခင်းတဲ့အဆင့်ထက် သူတို့သည် ရုံးခန်းတွေ လာဖွင့်ပြီးတော့ လုပ်နိုင်သမျှဘက်က စတင်လုပ်ဆောင်ဖို့ သူတို့ ပြင်ဆင်နေတာကိုတော့ တွေ့လည်း တွေ့နေရပါတယ်။ ဒီ့ထက်ပိုပြီးတော့ ကောင်းအောင်လို့ ကျနော်တို့ထဲက လူတွေက ဝိုင်းလုပ်ပေးဖို့ပဲ လိုပါတယ်။ စောစောကပြောသလို ဖျာလာခင်းတဲ့သူတွေလည်း ရှိကောင်းရှိသလို၊ ဒီအပေါ်မှာ အခွင့်အရေးတရပ်အနေနဲ့ လာတဲ့ နိုင်ငံခြားသားဆိုတာလည်း ရှိမှာပဲ။ ဒါပေမဲ့ တကယ် ရင်းနှီးမြှုပ်နှံမှု သူတို့တွေရဲ့ Industry တွေပြောင်းလဲဖို့၊ တရုတ်ပြည်ကနေ ရှိနေတဲ့ စက်ရုံတွေ ဒီဘက်ရွှေ့ချင်တာတို့ ဒါတွေက ရာခိုင်နှုန်း ပိုများပါတယ်။ အဲ့တော့ ကျနော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကလည်း International Practice တွေကို ကျင့်ရမှာပေ့ါနော်။ တိုင်းရင်းသားတွေရှိတဲ့ စွမ်းအင်ဆိုင်ရာ Industry တွေ အမြန်ဆုံး တိုးတက်ဖို့တော့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ အစိုးရကတော့ မြန်မြန်လေးကို အားပေးတဲ့အဆင့် လုပ်မှပဲ ကျနော်တို့တွေက သူတို့နဲ့ လိုက်နိုင်မယ်လို့ ကျနော် ယူဆပါတယ်။”

မြန်မာနိုင်ငံထဲ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဥက္ကဌပေါင်းများစွာက နှစ်ပေါင်းများစွာ နေရာယူပြီး ကိုယ်ကျိုးရှာနေတာမျိုးတွေကို ပြန်လည် စိစစ်ဖို့အတွက် လိုအပ်နေသလို၊ Private Sector လို့ခေါ်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
XS
SM
MD
LG