သုံးရလွယ်ကူစေသည့် Link များ

နိုဝင်ဘာ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ ပထမဆုံးပါဝင်တက်ရောက်မယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ ဒီကနေ့ ဇန်နဝါရီ ၆ရက်နေ့ရက်စွဲနဲ့ ပြည်သူ့လွှတ်တော် ရုံးက ကြေညာလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၄ ပုဒ်မခွဲ (ခ)အရ လက်ရှိ ပြည်သူ့ လွှတ်တော်ဥက္ကဌ အနေနဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အသစ်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ခေါ်ယူလိုက်တာပါ။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၄ ရဲ့ ပုဒ်မခွဲ (ခ)၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေရဲ့ နည်းဥပဒေ ၃ တို့ပါ ပြဌာန်းချက်တွေနဲ့ အညီ ခေါ်ယူကျင်းပမယ့် ပြည်သူ့လွှတ်တော် အသစ်အတွက် ရွေးကောက်ပွဲ အများစု အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ အင်တိုက်အားတိုက် ပြင်ဆင်ထားကြပါတယ်။

မကြာခင် စတင်မယ့် လွှတ်တော်အသစ်မှာ တိုင်းပြည်အတွက် အရေးတကြီး လုပ်ဆောင်ရမယ့်ကိစ္စက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေအတွက် လွှတ်တော် တွင်းကနေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရဲ့ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က အခုလို ပြောပါတယ်။

“အရေးကြီးဆုံးကတော့ အခြေခံ ဥပဒေပြင်ဆင်ရေးပဲ။ အခြေခံဥပဒေ ပြင်ဆင်လိုက်နိုင်မှ တကယ့်ကို ဒီမိုကရေစီ အစစ်အမှန် လမ်းကြောင်းပေါ်ကို ကျမတို့က နိုင်ငံကို တင်နိုင်မှာလေ။ လုပ်ချင်တာကတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုထဲမှာ ပါဝင်ချင်လို့ ကျမက ပါတာပေါ့နော်။ ဆိုရင် လုပ်စရာတွေကလည်း အများကြီးရှိတယ်။ အတိအကျပြောရင်တော့ အဓိကတော့ စီးပွားရေးကို ပို ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တယ် ပေါ့နော်။”

လာမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက ရွေးချယ်လိုက်တဲ့ လွှတ်တော် ဥက္ကဌ အသစ်တွေကနေ ဦးစီးပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူရမှာဖြစ်သလို အဲ့ဒီအစည်း အဝေး မှာ အာဏာလွှဲပြောင်းမှု ပြုလုပ်ရမှာဖြစ်ပါတယ်။

လက်ရှိလွှတ်တော်သက်တမ်းမှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ကြားက ပုဂ္ဂိုလ်ရေး အဆင်မပြေမှုတွေကနေ အပြန်အလှန် ထိန်းကြောင်းတဲ့ စနစ်ကို ကျင့်သုံးနိုင်ခဲ့ပေမယ့် လာမယ့် လွှတ်တော် အသစ် မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို အဓိကလွှမ်းမိုး မယ့် NLD ပါတီ ကိုယ်စားလှယ်တို့ကြား အပြန်အလှန်ထိန်းကြောင်းမှု အားနည်းသွားနိုင်တယ်လို့ လက်ရှိ သီပေါမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“နောက်ပိုင်း လွှတ်တော်ကတော့ ကျနော်တို့ ဒီ မှုလ လွှတ်တော်နဲ့ မတူနိုင်တာက ကျနော်တို့ မှုလ ပထမအကြိမ် လွှတ်တော်မှာတုန်းကတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများစုကိုယ်စားလှယ်တွေရှိတယ် ဆိုပေမယ့် လွှတ်တော် အကြီးအမှူးလည်းဖြစ်၊ ဥပဒေအရ ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဦးရွှေမန်းနဲ့ ကျနော်တို့အနေနဲ့ နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအမှူးလည်းဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်တို့ ကြားက ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဒီအဆင်မပြေ ဖြစ်မှုလေးတွေကနေပြီးတော့ လွှတ်တော်နဲ့ အစိုးရကြားမှာ အပြန်အလှန် Check and Balance စနစ်ကို ကျင့်သုံး ရတာဖြစ်နေတဲ့ အခါကျတော့ အများက မျှော်လင့်ထားသလိုမဟုတ်ပဲနဲ့ လွှတ်တော်က အစိုးရရဲ့ Rubber stamp သတ်သတ်မဟုတ်ပဲနဲ့ အပြန်အလှန် Check and Balance ကို အများ အံ့သြလောက်တဲ့ အဆင့်အထိလုပ်တာကိုတွေ့ရတယ်။ လာမယ့်လွှတ်တော်မှာတော့ အဲဒီလိုမြင်ရဖို့ သိပ်အလားအလာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလွှတ်တော်ထဲမှာ ကြီးစိုးထားတဲ့ပါတီကလည်း NLD ပါတီဖြစ်တယ်။ အစိုးရအဖွဲ့ကလည်း NLD က ဒေါ်အောင်ဆန်းစုကြည်ကပဲ ဦးဆောင်မယ်။ ဆိုတဲ့အခါကျတော့ ဒီလွှတ်တော်တွင်းမှာ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေး ယန္တယားရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို အပြန်အလှန် ထိမ်းကြောင်းတဲ့ မေးခွန်းတွေမေးတာ ၊ အဆိုတင်သွင်းတာလောက်ပဲရှိမယ်။”

ပြည်သူတွေအနေနဲ့ကတော့ သူတို့ ရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စနစ်ဆိုးတွေကို ပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်ပြီး ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ ကိုယ်စားလှယ်တွေအပေါ် ယုံကြည်မှုနဲ့ ပတ်သက်လို့ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့က ကိုသွင်လင်းအောင်က အခုလိုပြောပါတယ်။

“ အခု ဒီလွှတ်တော်မှာ တရားဝင် အနိုင်ရတဲ့ လူတွေက ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ တရားဝင်ထိုင်ရတော့မယ်ဆိုတဲ့အခါကျတော့ ဒါကတော့ ပြည်သူတွေက သူတို့မြင်ချင်တဲ့ မြင်ကွင်းတခုကို မြင်ရတော့မယ်ဆိုတဲ့ ပုံစံမျိုး သူတို့မျှော်လင့်ကြမှာပဲလေ။ အဲဒါရဲ့နောက်ဆက်တွဲကတော့ သေချာတယ် သူတို့ ဒီရွေးကောက်ပွဲမှာကိုက NLD ကို မဲပေးခဲ့တယ်ဆိုတာက တခြားသူတို့မကြိုက်တဲ့ ပါတီပေါ့နော်၊ သူတို့ မကြိုက်တဲ့အစိုးရက လုပ်ကိုင်ခဲ့တဲ့ ကိစ္စမျိုးတွေ ၊ မြေသိမ်းတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ ၊ နိုင်ငံအပြောင်းအလဲ တည်ငြိမ်မဖြစ်တာတွေ ၊ တိုင်းရင်းသားကိစ္စတွေမှာ ငြိမ်းချမ်းရေးတကယ်မရှိတာတွေ ၊ အဲဒါတွေအားလုံးကို ပြောင်းပြန်လှန်ပစ်ချင်တဲ့ မျှော်လင့်ချက်မျိုးတွေ သူတို့မှာ ရှိတာပေါ့နော်။ အဲဒီမျှော်လင့်ချက်မျိုးတွေက အခု လွှတ်တော်စခေါ်ပြီ ဆိုတဲ့အခါကျတော့ အဲဒီလွှတ်တော်ကနေ တဆင့် ပြည်သူတွေအတွက် ဒီ မျှော်လင့်ချက်မျိုးကို ဖော်ဆောင်ပေးနိုင်မယ်ဆိုတဲ့ ဟာမျိုးတွေပေါ့နော်၊ အဲဒီလိုမျှော်လင့်ချက်မျိုးသူတို့ဆီမှာလည်း ရှိနေတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်အသစ်ရဲ့ ပထမဆုံးအစည်းအဝေး ခေါ်ယူပြီး ၁၅ရက်အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူရမှာဖြစ်သလို ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အစိုးရ အဖွဲ့ဝင်တွေ ဖွဲ့စည်းမှာဖြစ်ပြီး နိုဝင်ဘာရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်မယ့် ပထမဆုံး အစည်းအဝေး ဖြစ်လာမှာဖြစ်ပါတယ်။

XS
SM
MD
LG