သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်တွေ မတ်လမှာ ရွေးချယ်မည်


ဒုတိယ အကြိမ်မြောက်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်
ဒုတိယ အကြိမ်မြောက်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်

မြန်မာနိုင်ငံမှာ အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တဲ့ လုပ်ငန်းစဉ်တွေကို လာမယ့် မတ်လ ၁၇ ရက်မှာ စတင်မှာ ဖြစ်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အများစုအဖြစ်နဲ့ ပထမဆုံးအကြိမ် စတင်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ယူခွင့်မရှိဘဲ ဖြစ်နေတဲ့အတွက် သမ္မတသစ်တွေ တရားဝင် မရွေးချယ်နိုင်ခင် လွှတ်တော်တွင်း ၄ ပုံ ၁ ပုံ နေရာယူထားတဲ့ စစ်တပ်နဲ့ အပေးအယူ ညှိနှိုင်းမှုတွေ ပေါ်ပေါက်လာလိမ့်မယ်လို့လည်းအများက မျှော်လင့်နေကြတာပါ။ နေပြည်တော်က လွှတ်တော်အခန်းအနားတွေမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခ က သတင်းပေးပို့ ထားပါတယ်။

အနိုင်ရ NLDပါတီက ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကို စတင် ကျင်းပရာမှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများ စတင် ရွေးချယ်မယ့် လုပ်ငန်းစဉ် တွေ လုပ်ဆောင်မယ့်ရက်ကို ထုတ်ပြန်ဖို့ ကြေညာ လိုက်တာ ဖြစ်ပါတယ်။ အစိုးရသစ်ကို ဦးဆောင်မယ့် သူတွေကို စတင်ရွေးချယ် တင်မြှောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ NLD ပါတီကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီကနေ့ လွှတ်တော် အခန်းအနားမှာ ပြောကြားခဲ့တာပါ။

“သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် ဒုတိယသမ္မတ တဦးစီ ရွေးချယ်တင်မြှောက်ပြီးပါက သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုတိယသမ္မတ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပို့ တင်ပြရမှာဖြစ်ပါတယ်။”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အခန်းအနားကို သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကတိသစ္စာ ပြုထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ဖို့ တိုက်တွန်းထားပါတယ်။ ဥပဒေသစ် ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ အသစ်ရေးဆွဲရာမှာလည်း ဖွဲ့စည်းပုံနဲ့ အညီ ဆောင်ရွက်စေလိုတဲ့ အကြောင်း ဖော်ပြထားတဲ့ သမ္မတရဲ့ သဝဏ်လွှာကိုလည်း ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်တွေကို ဖတ်ကြားပြခဲ့တာပါ။

“ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့ဖြစ်သည့်အားလျှော်စွာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ဥပဒေ များအသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်း၊ ရုတ်သိမ်းခြင်းတို့ကို ဆောင်ရွက် ကြရာ၌ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိ သစ္စာပြုထားသည့်အလျှောက် အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြမယ်ဟု မျှော်လင့်မိပါသည်။”

လာမယ့် မေလ ၁၇ ရက်မှာ နာမည်စာရင်းတွေထုတ်ပြန်ကြေညာပြီးရင် ထုတ်ပြန်ခံရတဲ့ သမ္မတလောင်း လျာထားခံရသူတွေဟာ နိုင်ငံတော်သမ္မတ အတွက် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံခြင်းရှိမရှိကို စိစစ်ဖို့ သမ္မတရွေးချယ် တင်မြောက်ရေးအဖွဲ့က စိစစ်ရမှာဖြစ်ပါတယ်။

သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့မှာ လွှတ်တော်နှစ်ရပ်က
လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒု ဥက္ကဋ္ဌနှစ်ဦး အပြင် လွှတ်တော် ၂ရပ်က သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တို့ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကလွှတ်တော် ၂ရပ်နဲ့ တပ်မတော်သားအစုအဖွဲ့တွေက သမ္မတလောင်းလျာ ဒုသမ္မတနေရာအတွက် ရွေးချယ်လိုက်တဲ့ ၃ ဦးထဲကနေ နိုင်ငံတော် သမ္မတဖြစ်မယ့်သူကို ဆန္ဒမဲပေးရွေးချယ်သွားမှာ ဖြစ်ပြီး မဲအများဆုံး ရသူက သမ္မတဖြစ်မှာဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နိုင်ဖို့ အတွက် တပ်မတော်ဘက်နဲ့ ညှိုနှိုင်းမှုတွေလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တပ်ပိုင်း ကကော NLD ဘက်ကပါ ဒါကိုအတည်ပြုပေးခြင်းမရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ၅၉(စ) ဥပဒေပြင်ဆင်ဖို့ ကိုလည်း တပ်ပိုင်းဆိုင်ရာဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပြဌာန်းထားတဲ့ အတိုင်းဘဲထားရှိလိုပါတယ်။ ပြီးခဲ့တဲ့ အခေါက်ပြင်ဆင်ထားတာမှာ တပ်ဘက်က ပေးခဲ့တဲ့ သဘောထား အတိုင်းဆက်လက် လက်ခံမှာဖြစ်ကြောင်း၊ ၅၉(စ) ဥပဒေဆိုင်ငံ့ ဖို့လုပ်ဆောင် လာပါကလည်း ဖွဲ့စည်းပုံမှာ ဆိုင်းငံ့လုပ်ဆောင်ဖို့ မပါဝင်တာ ကြောင့် လက်ခံဖို့မရှိဘူးလို့ အမည်မဖော်လိုတဲ့ တပ်မတော်သား ကိုယ်စားလှယ် တဦးကပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် ကြံ့ခိုင်ရေးပါတီ အမတ်အနေနဲ့ ဝင်ရောက်ရွေးချယ်ခံ ရသူ ဦးလှဌေးဝင်းကတော့ ၅၉(စ)နဲ့ပက်သတ်ပြီး အခုလိုပြောပါတယ်။

“လောလောဆယ်တော့ ဘာမှမပြောနိုင်သေးဘူး။ ဟိုနေ့ကလည်းပြောထားတယ်လေ။ လောလောဆယ်တော့ ဘာမှ မှတ်ချက်ပြုစရာမရှိသေးပါဘူး။ စောပါသေးတယ်။ အခုက ကြားထဲကသာပြောနေတာ၊ ကာယကံရှင်တွေက ဘာမှမပြောသေးဘူး။ အန်ကယ်ပြောထားတဲ့အတိုင်းပဲ အမျိုးသားအကြိုးစီးပွားဘက်က ကာကွယ်သွားမယ်လို့ပြောထားတဲ့အတွက် အဲဒီအတိုင်းဘဲ ရပ်တည်မှာပါ။”

လက်ရှိမှာ သမ္မတရွေးချယ်ဖို့ရက် သတ်မှတ်လိုက်ပေမယ့် သမ္မတ ဘယ်သူ ဘယ်ဝါဆိုတာကို ခန့်မှန်းချက်အနေနဲ့သာ သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့
တပ်မတော်နဲ့ညှိနှိုင်းနေတယ်လို့ သတင်းတွေထွက်နေသလို NLD ပါတီအနေနဲ့ ၅၉ (စ)မပြင်နိုင်ခင်မှာ ယာယီသမ္မတ တင်ဖို့လုပ်ဆောင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တည်ဆဲဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ သူ့သက်တမ်း မကုန်ဆုံးမှီမှာ ဆန္ဒအလျောက် သမ္မတနေရာကနေ ထွက်နိုင်ပါတယ်။ ဒီလိုချိန်မှာ ဒုသမ္မတ တဦးက ယာယီသမ္မတအနေနဲ့ ထမ်းဆောင်ရမှာဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တွေက သမ္မတလောင်းလျာ ဒုသမ္မတ တဦးကို ရွေးချယ်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG