သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ဒုသမ္မတနေရာ


တပ်မတော်သား ကိုယ်စားလှယ်တွေ
တပ်မတော်သား ကိုယ်စားလှယ်တွေ

ဒီသီတင်းပတ်ထဲ ဒုသမ္မတရာထူးအတွက် အမည်စာရင်း တင်သွင်းရာမှာ တပ်မတော်သားတွေကို ကိုယ်စားပြု ရွေးချယ်ခံရမယ်ဆိုရင် အမျိုးသား နိုင်ငံရေးအတွက် လက်ခံဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း အမည်စာရင်းသွင်းခံရဖွယ် ရှိတယ်လို့ အများက ခန့်မှန်းနေကြတဲ့ တပ်မတော်အရာရှိဟောင်းတွေက ပြောပါတယ်။ ဒုသမ္မတနဲ့ သမ္မတတာဝန်အတွက် ရွေးချယ်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော်မှာ သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒုသမ္မတ နေရာအတွက် ကိုယ်စားလှယ် ၂ ဦး အမည်စာရင်း တင်သွင်းရမှာဖြစ်သလို၊ တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ကလည်း တဦးအဆိုပြုရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ဒုသမ္မတအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စစ်အရာရှိဟောင်းတွေ ဖြစ်ကြတဲ့ သူရဦးသက်ဆွေ နဲ့ ဦးလှဌေးဝင်း သူရဦးသက်ဆွေ တို့ အဆိုပြုခံရနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေတာပါ။ တပ်မတော်မှာ သြဇာကြီးမားတဲ့ ကြည်းရေလေ ညှိုနှိုင်းရေးမှူး တာဝန်ယူခဲ့ဖူးသူ တဦးလည်းဖြစ် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ်နဲ့လည်း တာဝန်ယူခဲ့ဖူးတဲ့ ဦးလှဌေးဝင်းဟာ ၂၀၁၂ လောက်တုန်းကလည်း အဲဒီအချိန်တုန်းက ဒုတိယသမ္မတ တာဝန်ယူထားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့တုန်းကလည်း အစားထိုး ခန့်အပ်ခံရနိုင်တယ်လို့ ခန့်မှန်းခံခဲ့ရသူပါ။

နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းကတော့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အတည်ပြုပြောဆိုတာမျိုး မရှိပေမဲ့ တာဝန်ပေးရင်တော့ လက်ခံတာဝန်ယူမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

“ပြောခွင့်မရှိဘူးဆိုတာက ကမ်းလှမ်းတယ်၊ မကမ်းလှမ်းဘူးဆိုတာက ဘာမှမပြောသေးပါဘူး။ ကိုယ်ကလည်း ဘာမှ ပြောလို့မရဘူး။ တပ်ကတော့ ကိုယ်တို့က အစကတည်းကပြောထားပြီးပြီလေ အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မယ်လို့ပြောတဲ့အတွက် ဘာပဲဖြစ်ဖြစ်လုပ်ရမှာပဲ၊ နိုင်ငံအတွက်ဆို ဘာပဲဖြစ်ဖြစ်လုပ်ရမှာပဲ။”


အလားတူ အမည်စာရင်း တင်သွင်းခံရနိုင်တယ်လို့ သတင်းထွက်နေသူ တယောက်ကတော့ ကိုကိုးကျွန်း မဲဆန္ဒနယ်မြေကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ သူရဦးသက်ဆွေပါ။ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ ဦးသက်ဆွေကလည်း တရားဝင် အတည်မပြုနိုင်သေးပေမဲ့ တာဝန်ပေးလာရင်တော့ လက်ခံဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကမ်းလှမ်းတဲ့အခါကျတော့လည်း အမျိုးသားအကျိုးစီးပွားအတွက်လုပ်ရမှာပေါ့ ဒါပဲပေါ့။”

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတလောင်း ၁ ဦးအပြင် ပြည်သူ့လွှတ်တော်က ဒုသမ္မတလောင်း ၁ ဦး၊ အမျိုးသားလွှတ်တော်က ဒုသမ္မတလောင်း ၁ ဦး တို့ကိုတော့ လွှတ်တော်တွင်းမှာ အများစု နေရာယူထားတဲ့ NLD ပါတီက ဦးဆောင်ပြီး ကြာသပတေးနေ့မှာ တင်သွင်းရမှာ ဖြစ်ပြီး၊ ဒုသမ္မတ ၃ ဦး အနက်ကမှ အစိုးရကို ဦးဆောင်မယ့် သမ္မတတဦးကို ထပ်မံရွေးချယ်ရမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG