သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းကြွယ်သူဌေး ဇနီးမောင်နှံ ကပ္ပလီပင်လယ်တွင်း ရိုဟင်ဂျာဒုက္ခသည်တွေ ကယ်တင်နိုင်ရေးကြိုးပမ်း


 Regina နဲ့ Christopher Catrambone သန်းကြွယ်သူဌေး ဇနီးမောင်နှံ
Regina နဲ့ Christopher Catrambone သန်းကြွယ်သူဌေး ဇနီးမောင်နှံ

မြေထဲပင်လယ်ပြင်ထဲက ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေရဲ့ အသက်ကို နှစ်ပေါင်းများစွာ ကယ်တင်ခဲ့တဲ့ Regina နဲ့ Christopher Catrambone သန်းကြွယ်သူဌေး ဇနီးမောင်နှံဟာ အခု ကပ္ပလီပင်လယ်ပြင်ထဲမှာ ရောက်နေပြီး လှေစီးပြေးရိုဟင်ဂျာတွေကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်း ဒေါ်ခင်မျိုးသက်ကပြောပြပေးမှာပါ။

ဆင်းရဲတွင်းနက်မှုတွေနဲ့ စစ်ဘေးဒုက္ခတွေကြောင်း တနှစ်တနှစ်ကို သိန်းနဲ့ချီပြီး ဥရောပကိုထွက်ပြေးနေကြတာ ဖြစ်ပြီး IOM နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများအဖွဲ့ရဲ့ စာရင်းတွေအရ အကြောင်းအမျိုးမျိုးကြောင့် ဥရောပနိုင်ငံတွေမှာ အခြေချဖို့ မြေထဲပင်လယ်ကို ကျော်ဖြတ်ထွက်ပြေးရင်း ပင်လယ်ပြင်ထဲ အသက်ဆုံးခဲ့ရ သူပေါင်းဟာ သက္ကရာဇ် ၂၀၀၀ ကနေ ခုအချိန်အထိဆို ၃သောင်း ၃ ထောင်ကျော်ရှိနေတာပါ။

ဒီဒုက္ခသည်တွေကို ကူညီနေတဲ့ အဖွဲ့တွေထဲမှာ အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်သား အသက် ၃၆ နှစ်အရွယ် မီလျှံနာသူဌေးကြီး Christopher Catrambone နဲ့ ဇနီးဖြစ်သူ အီတာလီနိုင်ငံသူ Regina တို့ရဲ့ ရွှေ့ပြောင်းသူများ ကမ်းလွန်ကူညီကယ်ဆယ်ရေး ဌာန MOAS က ကယ်ဆယ်ပေးနိုင်ခဲ့သူက ၄ သောင်းလောက် ရှိပါတယ်။ ဒီအဖွဲ့ကို သူတို့ဟာ ၂၀၁၃ မှာ ထူထောင်ခဲ့ပြီး ပင်လယ်ပြင်တွင်း ဒုက္ခရောက် နေသူတွေကို မီတာ ၄၀ အရှည်ရှိတဲ့ Phoenix လို့ နံမယ်ပေးထားတဲ့ သင်္ဘောနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ခဲ့တာပါ။ သူတို့ ဇနီးမောင်နှံဟာ အီရတ်နဲ့ အာဖဂန်လို စစ်ဘေးဒဏ်သင့်တဲ့ နိုင်ငံတွေမှာ သွားရောက်တာဝန်ထမ်းဆောင် နေကြသူတွေကို အသက်အာမခံရောင်းတဲ့ Tangiers Group အာမခံလုပ်ငန်း ကနေ သန်းကြွယ်သူဌေး ဖြစ်လာတာပါ။

အခုတော့ အဖွဲ့သား ၁၅ ယောက်ပါတဲ့ သူတို့ရဲ့ MOAS အဖွဲ့ဟာ ကပ္ပလီပင်လယ်ထဲမှာ ရောက်နေတာ ဖြစ်ပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခရောက်နေတဲ့ လှေစီးပြေးရိုဟင်ဂျာတွေကို ကယ်တင်ဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ကမ်းမမြင်တဲ့ ပင်လယ်ပြင်ထဲ ခနော်ခနဲ့ လှေတွေနဲ့ ထွက်ပြေးလာမယ့် ဒုက္ခသည်တွေကို နေ့ရောညပါ မပြတ်လိုက်လံ လိုက်လံရှာဖွေနေတယ်လို့ Regina Catrambone က France 24 သတင်းဌာနကို ပြောပါတယ်။

"ဒီမှာ ဘယ်သူမှ မရှိပါဘူး။ ဒီပင်လယ်ပြင်ထဲမှာ ဒုက္ခရောက်နေတဲ့ သူတွေကို ရှာဖွေမယ့် NGO တဖွဲ့မှ မရှိပါဘူး။ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ရှာဖွေဖို့ ကျမတို့ ဒီကိုရောက်နေတာပါ။"

Regina နဲ့ Christopher Catrambone သန်းကြွယ်သူဌေး ဇနီးမောင်နှံ
Regina နဲ့ Christopher Catrambone သန်းကြွယ်သူဌေး ဇနီးမောင်နှံ

သူတို့ဟာ အခုအခါမှာ ထိုင်းနိုင်ငံကမ်းလွန်ဒေသထဲမှာ ရောက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကပဲ လှေစီးပြေးရိုဟင်ဂျာ အယောက် တရာကျော်ဟာ လှေ ၃ စီးနဲ့ ထိုင်းကမ်းခြေကို ရောက်လာခဲ့တယ်လို့ ထိုင်းရေတပ်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ လှေစီးပြေး ဒုက္ခသည်တွေကို လက်မခံခဲ့ပဲ အန္တရာယ် ကြီးတဲ့ပင်လယ်ပြင်ထဲ ပြန်လွှတ်ခဲ့တယ်လို့ Christopher Catrambone ကပြောပါတယ်။

"ထိုင်းအာဏာပိုင်တွေဟာ သူတို့ ရှာဖွေကယ်ဆယ်ရေး လုပ်နိုင်တဲ့ ဒေသထဲမှာ လှေစီးပြေး ဒုက္ခသည်တွေရဲ့ လှေတွေကို ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့ကို ရေနဲ့ အစားအစာတွေ ပေးပြီး သူတို့သွားချင်တဲ့ မလေးရှားနိုင်ငံကို သွားဖို့ ပင်လယ်ပြင်ထဲကို ပြန်ထွက်ခွင့် ပေးခဲ့ပါတယ်။ ဒါဟာ ထိုင်းတွေရဲ့ လုပ်ရိုးလုပ်စဉ် နိုင်ငံရေးစံနစ်ပါ။ ဒီစံနစ်အရ ဒုက္ခသည်တွေကို ပင်လယ်ပြင်ထဲ ပြန်လွှတ်လေ့ရှိပါတယ်။"

ထိုင်းအစိုးရဟာ သူ့နိုင်ငံ ရေပြင်ပိုင်နက်ဒေသတွင်းမှာ ရိုဟင်ဂျာတွေကိုရော ကူညီကယ်ဆယ်တဲ့ အဖွဲ့တွေလာရောက်တာ ကိုပါ မလိုလား ပါဘူး။ သူတို့ရဲ့ Pheonix သင်္ဘော ထိုင်းရေပြင်ထဲ ရောက်တာနဲ့ စစ်ရေယာဉ်တွေအနားက လိုက်လာသလို စစ်လေယာဉ်ကလည်း သင်္ဘောပေါ်က ကပ်ပြီး မကြာမကြာ ပျံသန်းသတိပေးလေ့ရှိတာပါ။

"သူတို့ရဲ့ Pheonix ကို ကမ်းလွန်ဒေသမှာ ကျောက်ချခွင့်မပေးသလို ထိုင်းကမ်းခြေကိုလည်း ကပ်ခွင့်မပေးခဲ့ပါဘူး။ ဒါ့အပြင် ထိုင်းအာဏာပိုင်တွေက သူတို့ကို ပြန်နှင်ထုတ်တယ်လို့လည်း ပြောပါတယ်။"

သူတို့အဖွဲ့ဟာ မြေထဲပင်လယ်ထဲမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်တုန်းကလည်း အခုလိုပဲ ဒေသ အာဏာပိုင်တွေနဲ့ မကြာမကြာ ရင်ဆိုင်ခဲ့ရတာပါ။ သူတို့ရဲ့ ပစ္စည်းတွေ သိမ်းယူတာအထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကတော့ သူတို့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လက်လျှော့မှာ မဟုတ်ဖူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ စာရင် မူစလင်အများစုရှိရာ မလေးရှားနိုင်ငံက လှေစီးပြေးလာတဲ့ ရိုဟင်ဂျာတွေကို လက်ခံတဲ့ အနေထားမှာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း မလေးရှားနိုင်ငံ လန်ကာဗီ ကျွန်းကို ရောက်လာတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်က တထောင်လောက် ရှိနေတာပါ။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုထဲမှာလည်း အသက်ကယ် သင်္ဘော M.Y. Phoenix နဲ့ တာဝေးသွားနိုင်တဲ့ ဒရုံးယာဉ် ၂ စီးကိုသုံးပြီး လှေစီးပြေး ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ဘူးပြီး လူတွေ ပင်လယ်ထဲမှာ သေတာမျိုး မဖြစ်သင့်ဘူးလို့ MOAS ဒါရိုက်တာ Martin Xuereb က VOA ကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG