သုံးရလွယ်ကူစေသည့် Link များ

အစိုးရ အပြောင်းအလဲ မတိုင်မီ ကျူးကျော်များ အင်အား သုံးဖျက်ခံရ


ကျူးကျော်တဲများကို အာဏာပိုင်တွေက အင်အားသုံးရှင်းလင်း
ကျူးကျော်တဲများကို အာဏာပိုင်တွေက အင်အားသုံးရှင်းလင်း

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့သစ်နဲ့ မင်္ဂလာဒုံမြို့နယ်တွင်းက ကျူးကျော်နေထိုင် သူတွေကို အခုရက်ပိုင်း အာဏာပိုင်တွေက အင်အားသုံး ရှင်းလင်းဖယ်ရှားနေတာကြောင့် ဝေဖန် ကန့်ကွက်မှုတွေ ပေါ်ထွက်နေပါတယ်။ အထူးသဖြင့် အစိုးရအပြောင်းအလဲလုပ်တော့မယ့်အချိန် အခုလို ဆက်တိုက် အင်အားသုံးဖြေရှင်းမှုတွေ တွေ့လာရတာဖြစ်ပြီး၊ ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးက အလားတူ ကျူးကျော် ရပ်ကွက်ဖယ်ရှားမှုတွေ ဆက်လုပ်သွားလို့လည်း ပြောနေပါတယ်။ စုံစမ်း မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုကောင်းစံဟိန်း သတင်းပေးပို့ထားပါတယ်။

အခု ၂၀၁၆ နှစ်စပိုင်းမှာ အစိုးရက ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဆက်တိုက်ဆိုသလို ရှင်းလင်းဖယ်ရှားနေပါတယ်။

ဒီလ ၂၃ ရက်နေ့မှာ ဒဂုံဆိပ်ကမ်းမြို့သစ်က ကျူးကျော်အိမ်ယာ ၃၀ ကျော်လောက်ကို ရှင်းလင်း ဖယ်ရှားခဲ့သလို ၂၆ ရက်နေ့မှာတော့ မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင် စက်မှုဇုံရှိ ကျူးကျော်နေရာ ၃ ခုက အိမ်ယာ ၁၀၀၀ ဝန်းကျင်ကို ရဲတပ်ဖွဲ့ လုံခြုံရေး အင်အားနဲ့ ဘူဒိုဇာကားတွေသုံးပြီး ရှင်းလင်းခဲ့တာပါ။

အခုလို အင်အားသုံးဖယ်ရှားတဲ့အပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က အခုလို ဝေဖန် ထောက်ပြပါတယ်။

“တိုင်းပြည်မှာပြန်ကြည့်ရင် လူတွေရဲ့နေစရာလိုအပ်ချက်ပေါ့ အိမ်ယာလိုအပ်ချက်တွေက အများကြီးဖြစ်ပေါ်နေတယ်။ ရန်ကုန်တိုင်းဆိုရင် ပိုဆိုးတာပေါ့။ တကယ်တော့ လိုအပ်နေတဲ့ အိမ်အရေအတွက်က သန်းနဲ့ချီရှိနေပေမယ့် သူတို့ဖော်ဆောင်ပေးတာက နည်းနည်းလေး ထောင်ဂဏန်း လောက်ပဲရှိတာပေါ့။ အဲတော့ အဲဒီပြဿနာကို ပြေပြေလည်လည်ဖြစ်စေချင်တယ်ဆိုရင် နေရာတွေ အိမ်ရာအတွက်ကို ဈေးကွက် စီးပွားရေးပုံစံကျကျနဲ့ပေါ့နော် ၊ အများအပြားအရေအတွက်များများ ဖော်ထုတ်နိုင်တော့မှသာ ဒီပြဿနာတွေကိုလည်း ဖြေရှင်း ပြီးသားဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒီပြဿနာကြီးတခုလုံးဖြေရှင်းဖို့မလုပ်ပဲနဲ့ အခုလိုပဲ တနေရာမှာပေါ်လာလိုက် ဘူဒိုဇာနဲ့ ထိုးပြီးတော့ ကော်လိုက် ဆိုတာက ပြဿနာကို ပြေလည်မှုမဖြစ်စေဘူးလို့တော့ ထင်ပါတယ်။”

အစိုးရသစ်ကို အာဏာလွှဲပြောင်းခါနီး လပိုင်းအလိုမှာ လက်ရှိအစိုးရက အခုလို ရန်ကုန်မြို့စွန် တွေမှာရှိတဲ့ ကျူးကျော်ရှင်းလင်း သုတ်သင်နေခြင်းအပေါ် ဦးစည်သူအောင်မြင့်ကပဲ အခုလို သုံးသပ်လိုက်ပါတယ်။

“တချို့သော စစ်တပ်ပိုင်မြေတို့၊ အစိုးရ ဝန်ကြီးဌာနပိုင်မြေတို့တွေက သူတို့က ဒီလို တွက်ပုံရပါတယ်။ NLD ဟာ ဒီမိုကရေစီအစိုးရဖြစ်တယ်၊ အဲဒီလို ဆိုတဲ့အခါကျတော့ နောင်သူတို့ တက်လာတဲ့အခါကျရင် ဒီကိစ္စဟာ NLD တိုဘာတို့က ဒါကို စာနာတဲ့ သဘောတွေ အများကြီး တွေ့နေရတော့ ဖြေရှင်းရခက်ခဲလိမ့်မယ်။ သူတို့ပိုင်တဲ့ ဥပမာ တပ်မတော်ပိုင်မြေကြီးတွေ ပြန်ယူရတာခက်မယ်။ နောက်ပြီးတော့မှ တခြားသော ဝန်ကြီးဌာနပိုင်နေရာတို့ ၊ ကုမ္ပဏီ နေရာတွေက ယူရတာပြန်ခက်မယ်ဆိုတော့ ဒီကာလအတွင်းမှာ မြန်မြန်ဆန်ဆန်သူတို့ အဲဒီလိုဖြေရှင်းလိုက်တယ်လို့ ကျနော်ထင်ပါတယ်။”

ရန်ကုန်တိုင်းဒေသကြီး နဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ဗိုလ်မှူးကြီး တင်အောင်ထွန်းကတော့ ရှင်းလင်းဖယ်ရှားတွေကို ရှေ့ဆက်လက်ပြီး အလျဉ်းသင့်သလို ရှင်းလင်းဖယ်ရှားသွားမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ကျူးကျော်ဆိုတာတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် အရင်တုန်းကလည်းပြောဖူးပါတယ်။ လွတ်လပ်ရေးမရခင် ကတည်းက ဒီကျူးကျော်ဆိုတာ ရှိနေတာပဲ။ အစိုးရအဆက်ဆက် ဒီကျူးကျော်တွေကို ရှင်းခဲ့တာ သမိုင်းကြောင်းတွေပြန်ကြည့်လိုက်ရင်။ ဒီ စီမံချက်ကြီး ချပြီး ဒီရက်မှာ ဒါလုပ်ရမယ် မဟုတ်ဘူး၊ ဒီကျူးကျော်တွေကို ရှင်းလင်းတဲ့အဖွဲ့တွေက အဆင်သင့်ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ နိုင်ငံတော်ပိုင်မြေတွေကို သူတို့က အလျဉ်းသင့်သလို ရှင်းသွားမှာပဲ။”

အခုလို ရှင်းလင်းဖယ်ရှားလိုက်တဲ့ ကျူးကျော်တွေကို အစိုးရရဲ့ နေရာ လွတ်တွေမှာ ပြန်လည်နေရာချပေးဖို့ အစီအစဉ်ရှိတယ်လို့ သူကပဲ ဆက်ပြီးပြောပါတယ်။

“အဲဒါက အစီအစဉ်ရှိတယ်။ ရှိတယ်ဆိုတာ မြေလွတ်တဲ့နေရာပေါ့ ။ ဘယ်မြို့နယ်မှာ မြေလွတ်သလဲဆိုတာတော့ မြေစာရင်းတို့နဲ့ ပြန်လည်တွက်ချက်ပြီးတော့မှ ပြန်လည် စီစစ်နေပါတယ်။”

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန်အတွင်းက အိမ်ယာ ဖယ်ရှားခံလိုက်ရတဲ့ ဒေါ်အေးအေးမြင့်က လက်ရှိ ရင်ဆိုင်နေရတဲ့ သူတို့ရဲ့ ဒုက္ခတွေကို အခုလိုပြောပါတယ်။

“သက်ကြီးရွယ်အိုတွေရော၊ ကျောင်းသားတွေရော၊ ဒီမှာလူတွေက အများကြီးပဲ။ ကျောင်းသားလေးတွေဆိုရင် စာမေးပွဲတောင်မဖြေရသေးဘူး အခု၊ ကျန်းမာရေးမကောင်းတဲ့လူတွေလည်းရှိနေတယ်။”

မင်္ဂလာဒုံမြို့နယ် ၊ ပျဉ်းမပင်စက်မှုဇုန်အတွင်းမှာ ကျူးကျော်နေထိုင်သူတွေဟာ အနည်းဆုံး ၁၅ နှစ် ကြာလောက်အထိ နေထိုင်ခဲ့သူတွေဖြစ်ပြီး လောလောဆည် မှာတော့ ပြောင်းရွှေ့စရာနေရာမရှိဘဲ ဖျက်သိမ်းခံထားရတဲ့ အိမ်ယာတွေ အနီးမှာပဲ နေထိုင်နေကြပါတယ်။ ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနေတာနဲ့ အအေးပိုနေတာကြောင့် ကျူးကျော်နေထိုင်သူတွေဟာ အခက်အခဲတွေ့နေကြပါတယ်။

XS
SM
MD
LG