သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲတွေပြန်ဖြစ်


ရှမ်းပြည်နယ် မြောက်ပိုင်း။
ရှမ်းပြည်နယ် မြောက်ပိုင်း။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့အတွင်းကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ အပါအဝင် ဝေဟင်ကပါ ပစ်ခတ်တာတွေရှိနေပြီး မြို့ခံအများစုဟာ ဒီနေ့ နေ့ခင်းအထိ နေအိမ်တွေထဲက အပြင်မထွက်နိုင် တာကြောင့် လောလောဆည် နေအိမ်တချို့ ထိခိုက်ပျက်ဆီးကြောင်း သိရပေမဲ့ လူအထိအခိုက် သတင်းကိုတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ ရှမ်းပြည်တပ်မတော် ဝမ်ဟိုင်းဌာနချုပ်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ရှမ်းတပ်ဖွဲ့ဖက်က ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအဝှမ်း ရွေးကောက်ပွဲတွေကျင်းပပြီး နောက်တရက်မှာပဲ ရက်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းမှာ အခုလို ပစ်ခတ် တိုက်ခိုက် တာတွေ ပြန်လည် စတင်ခဲ့တာပါ။ မိုင်းနောင်မြို့အတွင်း ပစ်ခတ် တိုက်ခတ် တာတွေဟာ မနေ့ညပိုင်းက စတင်ပြီး ဒီကနေ့ နေ့ခင်းပိုင်းထိ ဆက်တိုက်ဖြစ် ပွားနေတယ်လို့ မိုင်းနောင်မြို့ခံတဦးက အခုလို ပြောပါတယ်။

“မနေ့ညက ၇ နာရီ ကနေ စတာပေါ့ ။ ၇ နာရီကနေပြီးတော့ စစ်တပ်ကပဲ လက်နက်ကြီးနဲ့ မြို့ထဲနဲ့ မြို့ဆင်ခြေဖုံးတွေကို သေနတ်စပစ်တယ်။ မနက် ၈ နာရီကျတော့ စစ်ရဟတ်ယာဉ် ၂ စီးရောက်လာတယ်ခင်ဗျာ။ ဒီရဟတ်ယာဉ် ၂ စီးကလည်း စစ်သေနတ်တွေနဲ့ မြို့ထဲကို ထပ်မံပစ်ခတ်တယ် ခင်ဗျာ။ ပစ်ခတ်ပြီးတော့ ၈ နာရီ ၃၀ လောက်တော့ ခဏ ရပ်သွားတယ် ခင်ဗျာ။ ၈ နာရီ ၄၅ ကျတော့ စစ်သားတွေ အများကြီး ဆင်းလာပြီးတော့ လမ်းဆုံလမ်းခွတွေကနေပြီးတော့ ပစ်ခတ်တယ် ခင်ဗျာ။ အဲလိုနဲ့ အိုးအိမ်အချို့တွေ အပျက်အစီးတွေရှိတယ်။ နေ့လည် ၁၁ နာရီ တကျော့လောက်က ရဟတ်ယာဉ် ထပ်လာတယ်ခင်ဗျာ။ အဲဒီ ၂ စီးကလည်းပဲ ပစ်ခတ်တာတွေရှိတယ်ခင်ဗျာ။ လူတွေကတော့ အပြင်မထွက်ရဲ ကြတော့ အသေပျောက် စာရင်းကတော့ ဘယ်လိုရှိသလဲတော့ မသိကြဘူးခင်ဗျာ။”

ပစ်ခတ်သံတွေကတော့ နေ့ခင်း ၂နာရီလောက်အထိ မြို့တွင်းက ကြားနေရဆဲဖြစ် တယ်လို့ ပြောပါတယ်။ နေ့ခင်း ၁၀နာရီခွဲလောက်မှာတော့ SSA မြောက်ပိုင်းဌာနချုပ် ဝမ်ဟိုင်းကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ဒုအတွင်းရေးမှုး စိုင်းခမ်းသီက ပြောပါတယ်။

“၁၀ နာရီ ၁၀ နာရီခွဲခါနီး တစီးက ဗုံးလာကျဲတယ် ခင်ဗျာ။ နောက်တစီး ဟိုက်စကီးနဲ့ ဘုန်းကြီးကျောင်းကို လာပစ်တယ်လေ။ ဘုန်းကြီးကျောင်းလဲ ထိတယ်လေ။ သူတို့ တနေရာထဲ လာပစ်တာပါ။ အထိအခိုက်တော့ မရှိပါဘူး။ ဘုန်းကြီးကျောင်းအုတ်နံရံ လဲပြိုသွားတယ်လေ။ ဆိုင်ကယ်တစီး မီးလောင်တယ်ခင်ဗျာ။ ဗုံးတလုံးက မကွဲဘူး ထင်တယ်။ ကွဲရင်တော့ ဘုန်းကြီးကျောင်း အကုန်လုံးလောင်သွားမှာလေ။

ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်သွားတယ်လို့လည်း ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ နီးစပ်သူတချို့က မိုင်းနောင်မြို့က စစ်ဗျူဟာကို SSA ဝမ်ဟိုင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် တပ်က ပြန်လည် ခုခံခဲ့ရာမှာ ဗိုလ်မှုးတဦး ကျဆုံးခဲ့တယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

SSA မြောက်ပိုင်းကတော့ သူတို့ဖက်က စတင်တိုက်တာ မရှိကြောင်း ပြောဆိုပါတယ်။

“မဟုတ်ပါဘူး။ ဒါက တခါမှ သူတို့ရဲ့ ဂွင်လည်းမဟုတ်ဘူး၊ ကျနော်တို့နေရာလည်း မဟုတ်ဘူး။ တပ်တွေနဲ့ စစ်တိုက်စရာ အကြောင်းလဲ မရှိပါဘူး။”

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းကလည်း တပ်မတော်အနေနဲ့ ထိုးစစ်ဆင်တာ မရှိကြောင်း ပြောဆိုပါတယ်။

“ကျနော်တို့က စစ်ဆင်ရေး မလုပ်ဘူး ။ ကျနော်တို့တပ်တွေကလေ။ အဓိကတော့ သူတို့က သူတို့ သတ်မှတ်နေရာတွေမှာ မနေဘူးခင်ဗျာ။ အခု မိုင်းအောင်ဆိုတာ သူတို့ ဧရိယာ မဟုတ်ဘူး။ သူတို့ကကျော်ကျော်ပြီးတော့ ကျနော်တို့ စစ်သဘော အရပြောရရင်တော့ ဧရိယာ လုတာပေါ့ဗျာ။ အဲ့ဒီ့သဘောတွေကြောင့်ဖြစ်တာပေါ့ဗျာ။ တချို့နေရာတွေမှာ ကျနော်တို့တပ်တွေကို လာပြီးတော့ ပစ်ခတ်တာတွေရှိတာပေါ့ဗျာ။ ကျနော့ အနေနဲ့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ရေးဆွဲရာမှာ အစအဆုံးပါဝင်ခဲ့ပေမဲ့ လက်မှတ်ရေးထိုးရာမှာတော့ မပါဝင်ခဲ့ပါဘူး။ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ် အကြားမှာ NCA လက်မှတ်ရေးထိုးတဲ့ အောက်တိုဘာလ ၁၅ ရက်ဝန်းကျင်မှာ တိုက်ပွဲတွေပြန်လည် စတင်ခဲ့ပြီး ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည် ၄ထောင်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို ဒီဒေသအတွင်း မှာလည်း ရွေးကောက်ပွဲတွေ ကျင်းပတာကို ပယ်ဖျက်ခဲ့ပါတယ်။

XS
SM
MD
LG