သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်အစိုးရ လွှတ်တော်အမတ်တွေဝေဖန်


Hindiston
Hindiston

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ ၅ နှစ်တာ သက်တမ်း အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ညီလာခံတွေမှာ ကိုယ်စားလှယ်တွေ ဝေဖန်လိုက်ကြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေ သာမက တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိတယ်လို့လည်း ထောက်ပြပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက တင်ပြပေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ အမှန်တကယ်တည်မြဲတဲ့အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ပြည်သူ့ လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက အခုလို ထောက်ပြဝေဖန် လိုက်တာ ဖြစ်ပါတယ်။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်ရဲ့ပထမ (၆) လပတ်အတွက် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာကို အစိုးရအဖွဲ့က လွှတ်တော်ကို တင်သွင်းရာမှာ အားနည်းချက်တွေ ရှိနေတာတွေကို စီမံကိန်းများနဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ထောက်ပြခဲ့တာပါ။

“ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများဟာ တိုင်းဒေသ၊ ပြည်နယ် ဝန်ကြီးဌာနများနဲ့ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်မှုများမရှိဘဲ နိုင်ငံတော်သမ္မတရုံးနဲ့သာ တိုက်ရိုက်ဆောင်ရွက်နေရပါသဖြင့် မူဝါဒ ပိုင်းနဲ့ စီမံခန့်ခွဲမှုများ အလျင်အမြန် ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် လိုအပ်နေသည်ကိုတွေ့ရှိရပါသည်။”

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်အလွန်ထိန်းသိမ်းဖို့အားနည်းနေကြောင်း၊ အခွန်ကောက်ခံမှုမှာ အားနည်းချက်တွေရှိတာကြောင့် အခွန်ကောက်ခံမှု အပိုင်းမှာလည်း စနစ်တကျလုပ်ဆောင် ဖို့လိုအပ်နေကြောင်း ဦးအေးမောက်က အခုလိုတင်ပြခဲ့ပါသေးတယ်။

“ငွေကြေးတိုးတက်မှုတွင် အဓိကကျသည် ဗဟိုဘဏ်ကို အရည်အသွေးပြည့်ဝသူ၊ အရည်အချင်းအတွေ့အကြုံရှိသူများ ပါဝင်စေသင့်ပြီး ဈေးကွက်အပေါ် မူတည်၍ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သွယ်ဝိုက်ထိန်းချုပ်မှုတို့မှ လွတ်ကင်းအောင်ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရရှိပါတယ်။ ဆည်မြောင်း တာတမံ ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၏ အမှန်တကယ်ဆောင်ရွက်မှုများ ကို ထဲထဲဝင်ဝင် လုပ်ငန်းပြီးစီးမှု၊ ငွေကြေးသုံးစွဲမှု၊ အရည်အသွေးတို့အား စနစ်တကျ စံနှုန်းများဖြင့် ပွင့်လင်းမြင်သာစွာ စိစစ်သင့်ပါတယ်။ သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍများမှာ တရားလွန်ဆောင်ရွက်နေမှုများ ကို နိုင်ငံတော်အစိုးရ အနေဖြင့် ပြတ်ပြတ်သားသား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သင့်ပါတယ်။”

ပြည်သူ့လွှတ်တော် အစည်းအဝေးပွဲမှာလည်း လက်ရှိ အစိုးရအုပ်ချုပ်ခဲ့တဲ့ ၅နှစ်တာအတွင်း တရားရေးမဏ္ဍိုင်ဟာ အဂတိလိုက်စားမှုအများဆုံး မဏ္ဍိုင်တခုဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင် တရားရေးမဏ္ဍိုင်ဟာ ပြုပြင်ပြောင်းလဲဖို့ အခက်ဆုံးကဏ္ဍ တခု ဖြစ်နေတယ်လို့လည်း ရွှေပြည်သာမဲဆန္ဒနယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ထောက်ပြဝေဖန်ခဲ့ပါတယ်။

“ဒီကနေ့မြို့နယ်မှာ အုပ်ချုပ်ရေး မူ တွေ အလွန်များပြားလာတာမို့ ပြည်သူတွေဟာ ညအချိန်အပြင်မထွက်ရဲတော့ပါဘူး။”

ကန်ပက်လက်မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ကလည်း လက်ရှိတရားရေးမဏ္ဍိုင်ရဲ့ လုပ်ဆောင်မှုတွေကို အမြန်ဆုံး ပြင်ဆင် သင့်တယ်လို့ အခုလိုပြောပါတယ်။

“အမှုတွေမှာ တရားရုံးထက် ဥပဒေရုံးက တာဝန်ရှိသူအချို့ ၊ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်သာယာ၊ စာချုပ် မှတ်ပုံတင်ရုံးတို့က တာဝန်ရှိသူအချို့တွေ ပါဝင် ပတ်သက်နေကြပါတယ်။ တချို့အမှုတွေမှာ ကြေးစားလူမိုက်တွေကို ဌားပြီးတော့မှ အင်အားဖြင့် မြေ၊ အဆောက်အဦးတို့ကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်မှုတွေအထိ ဥပဒေနဲ့ မလုပ်ဆောင်နေကြောင်းကိုလည်းတွေ့ရပါတယ်။ အဲဒီလိုအမှုတွေကို ကော်မတီတွေအနေနဲ့ စုစည်းထားပါတယ်။”

တောင်ဥက္ကလာပ မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကလည်း အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေကို ဖွံ့ဖြိုးတိုး တက်ဖို့ လုပ်ဆောင်နေပေမယ့် အမှန်တကယ် တိုင်းရင်းသားတွေရရှိမှု အားနည်းနေကြောင်း၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးနိုင်ဖို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးဖို့ တင်ပြတောင်းဆိုသွားပါတယ်။

“မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့်ကို ဒေသခံတိုင်းရင်းသားများကို ဦးစားပေးချထားသင့်တယ်လို့ ထင်ပါတယ်။ မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ဒေသခံတိုင်းရင်းသားမဟုတ်သူများ လုပ်ပိုင်ခွင့်ရနေကြမယ်ဆိုရင် အနာဂတ်မှာ တိုင်းရင်းသားလူမျိုးများ လူမျိုခံရပြီးတော့မှ လူမျိုးပျောက်မှာ စိုးရိမ်နေရပါတယ်။ နိုင်ငံသားတိုင်း မြေလွတ်၊မြေလပ် လျှောက်ထား လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပေမယ့် ဒေသခံတိုင်းရင်းသားကိုသာ မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်ကို ဦးစားပေးချထားမယ်ဆိုရင် တိုင်းရင်းသားတို့၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာရောက်မယ်လို့ ထင်မြင်ယူဆပါတယ်။”

မကြာခင်ပြီးဆုံးတော့မယ့်လွှတ်တော်သက်တမ်းမှာ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေကနေ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေအပေါ် အစီရင်ခံစာအနေနဲ့ လွှတ်တော်ကို တင်သွင်းကြတာမှာ အခုလိုလွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရ လုပ်ဆောင်ချက်တွေကိုထောက်ပြဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG