သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံးတဖြစ်လဲ ပြည်သူ့ပါတီ မှတ်ပုံတင်ပြီး


ွှပြည်သူ့ပါတီ (ဓာတ်ပုံ- ဦးကိုကိုကြီး-ဖဘ)
ွှပြည်သူ့ပါတီ (ဓာတ်ပုံ- ဦးကိုကိုကြီး-ဖဘ)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ဲ့ ပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ပါတီတစ်ခုအနေနဲ့ မနေ့က မှတ်ပုံခွင့်ပြုလိုက်ပါတယ်။ ‘ရှစ်လေးလုံးပြည်သူ့ပါတီ’ လို့ ပထမ အသုံးပြုတာအပေါ် ကန့်ကွက်မှုတွေ ကြုံရပြီးတဲ့နောက် ‘ပြည်သူ့ပါတီ’ လို့ နာမည်အသစ်ပေးခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လက်ကျန်ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ နိုင်ငံရေးပါတီ ထူထောင်ရတာလို့ ပါတီ ဖြစ်မြောက်ရေး ကော်မတီရဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုံစမ်းတင်ပြထားပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမှာ ပါတီရုံးချုပ်ဖွင့်ထားတဲ့ ‘ပြည်သူ့ပါတီ’ ( The People’s Party) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ ပုဒ်မ (၉ )နဲ့ မနေ့က သြဂုတ်လ၊ ၂၃ ရက်က မှတ်ပုံခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

‘ပြည်သူ့ပါတီ’ မတိုင်ခင် ‘ရှစ်လေးလုံးပြည်သူ့ပါတီ’ နာမည်နဲ့ တည်ထောင်လိုသူ ၁၈ ယောက်က ၂၀၁၇ ဒီဇင်ဘာမှာ လျှောက်ထားခဲ့ပေမဲ့ ပြည်တွင်း၊ ပြည်ပက ကန့်ကွက်မှုတွေ ရှိခဲ့ပြီးနောက်မှာ ပါတီနာမည်ကို ပြောင်းလဲလိုက်တာပါ။ ၈ လေးလုံးအရေးတော်ပုံက အများနဲ့သာဆိုင်ပြီး ပါတီနာမည် အနေနဲ့ အသုံးပြုတာမသင့်တော်ဘူးလို့ ကန့်ကွက်သူ ၂၇၀ က ရွေးကောက်ပွဲကော်မရှင်ဆီ လက်မှတ်ရေးထိုး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

‘ပြည်သူ့ပါတီ’ လို့ နာမည်ပြောင်းလဲပေးခဲ့တာနဲ့ ပတ်သက်ပြီး ပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က အခုလိုပြောပါတယ်။

“နံပါတ် (၁) အခြေခံအချက်ကတော့ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီ မူတွေအပေါ်မှာ ခိုင်ခိုင် မာမာ ရပ်တည်တဲ့ နိုင်ငံရေးပါတီသစ် တခုမက ရှိသင့်တယ်ပေါ့နော်။ ကျနော်တို့က ဒီလို ခံယူတယ်။ ကျနော်တို့ပါတီလည်း ဒီမိုကရေစီမူတွေပေါ်မှာ ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသားရပ်တည်တဲ့ နိုင်ငံရေး ပါတီတစ်ရပ်ဖြစ် လာအောင် ဦးတည်ဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျနော်တို့ နိုင်ငံရေးပါတီကို ထူထောင်ခဲ့ တာပါ။ ဒါကတော့ အခြေခံရည်ရွယ်ချက်ပေါ့။ နောက်တဆင့်ကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်မှုပေါ့ဗျာ၊ တိုင်းပြည်မှာ လုပ်ဆောင်ဖို့လိုနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျန်သောအင်အားစုတွေနဲ့ လက်တွဲပြီး ဆောင်ရွက်နိုင်ဖို့ အတွက် ကျနော် တို့ဒီနိုင်ငံရေးပါတီကို ထူထောင်ခဲ့တာပါ။”

ပြည်သူ့ပါတီအနေနဲ့ လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ဖို့မသေချာပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲကြီးကိုတော့ ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ ပြောပါတယ်။ ဒီပါတီအပေါ်မှာ ပါတီကြီး တခုအနေနဲ့ အများစုက စိတ်ဝင်စားသလို မျှော်လင့်ချက်လည်း ရှိတဲ့အကြောင်း ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသား တစ်ယောက်ဖြစ်တဲ့ ကိုတင်နိုင်ဝင်းက အခုလိုပြောပါတယ်။

“အားကောင်းမောင်းသန်ပါတီတစ်ရပ်ကို လိုတယ်လို့ပြည်သူပြည်သားတစ်ယောက်အနေနဲ့ ရှင်းရှင်း လင်းလင်းမြင်တယ်။ အကယ်၍ ကြံ့ ခိုင်ရေး အရမ်းကောင်းနေတယ်ဆိုရင် NLD နိုင်စရာအကြောင်း မရှိဘူး။ အဲလိုပဲ NLD အရမ်းကောင်းနေတယ်ဆိုရင် ပြည်သူ့ပါတီ- ဦးကိုကိုကြီး ပါတီက နိုင်စရာ အကြောင်း မရှိဘူး။ လက်ရှိအခင်းအကျင်း ပြည်သူတွေရဲ့အားမလို အားမရမှုတွေဟာ မျှော်လင့်စရာ အနေနဲ့ ဦးကိုကိုကြီး ပြည်သူ့ပါတီကို လုပ်နိုင်မလားဆိုပြီးတော့ မျှော်လင့်ချက်လေးတော့ရှိနေတယ်-အဲဒီပေါ်မှာ။”

ပြည်သူ့ပါတီအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အား ၁,၀၀၀ နဲ့ အတူ ဗဟို အလုပ် အမှုဆောင် ၁၅ ယောက်ကို ရွေးချယ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကိုတင်ပြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG