သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်စွန့်ရေး အပေါ် တိုင်းရင်းသားအဖွဲ့တွေအမြင်


တအောင်း ပလောင်တပ်ဖွဲ့ဝင်များ (သတင်းဓါတ်ပုံ-PSLF -TNLA News & Information Department)
တအောင်း ပလောင်တပ်ဖွဲ့ဝင်များ (သတင်းဓါတ်ပုံ-PSLF -TNLA News & Information Department)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီ စနစ်ကို လက်ခံတယ်ဆိုရင် လက်နက်တွေစွန့်ပြီး တရားဥပဒေ နဲ့အညီ တောင်းဆို မှုတွေပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုချက်ကို တပ်မတော်ပိုင်မြဝတီ သတင်းစာ မှာဖေါ်ပြထားပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်နက်စွန့်ရေး ပြောဆိုမှုအပေါ် တိုင်းရင်းသားအဖွဲ့တွေဘယ်လိုအမြင်သဘောထားရှိပြီး ဘယ်လိုတုန့်ပြန်မှုတွေရှိနေပါသလဲဆိုတာကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်နက်ချရေးပြောဆိုမှုတွေဟာ NCAအပစ်ရပ်စာချုပ်ပါအချက်တွေနဲ့ ကိုက်ညီ မှုမရှိဘူးလို့ NCA အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော RCSS/SSA ရဲ့ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နဂိုသဘောတူပြီးသားရှိထားတဲ့ NCA နဲ့က တဆင့်ပြီး တဆင့်ဖော်ဆောင် သွားရင်တော့ ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်မှာပဲ။ ဒီလိုမဟုတ်ပဲနဲ့ လက်နက်ချ ရေးကိုပဲ ပြောနေမယ်ဆိုရင် NCA မှာပါတဲ့သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ကလောတပ်နယ်၊စစ်ဦးစီးတက္ကသိုလ်မှာ သင်တန်းသားတွေ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောခဲ့တာကို တပ်မတော်ပိုင်မြဝတီသတင်းစာကနေ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်သင့်ပြင် ထိုက်တဲ့ အချက်တွေ ကို သင့်တော်တဲ့ အချိန်မှာ ပြုပြင်ရမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်ရုံ နဲ့ မြန်မာနိုင်ငံ အတွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကိုမရပ်တန့် နိုင်ဘူးလို့ လက်ရှိမြန်မာ့ တပ်မတော်နဲ့ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ တအောင်း ပလောင်တပ်ဖွဲ့ရဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ တာပန်းလှကပြောပါတယ်။

“ဖြစ်ရမှာက တကယ်အားလုံးကို လွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ကို တည်ထောင်ရမယ်။ တကယ် စစ်တပ်ကိုလည်း civilian အရပ်သား အောက်မှာ ထားရှိ ရမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးလုပ်မှသာ ကျနော်တို့နိုင်ငံ ပြည်တွင်း စစ်ရပ်တန့် မှာဖြစ်ပြီးတော့ ကျနော်တို့ မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တက်လှမ်းနိုင် မှာဖြစ်ပါတယ်။”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် စိုင်းညွန့်လွင် အနေ နဲ့ ကတော့ တိုင်းရင်းသားတွေအနေနဲ့ လက် နက်ကိုင်ရတဲ့ အခြေခံ ပြဿ နာ အကြောင်းအရင်း ကိုဖြေရှင်းဖို့လိုတယ်လို့ပြောပါတယ်။

“ပြဿနာက ဘာကြောင့်လက်နက်ကိုင်ရသလဲဆိုတာကို စဉ်းစားဖို့လိုမယ်။ အဲဒီလက်နက်ကိုင်ရတဲ့အကြောင်းအရင်းကို ကုစားမှသာလျှင် ပြီးမယ်လို့ ကျနော်ထင်ပါတယ်။ လက်နက် စွန့်လွှတ်လိုက်ရုံနဲ့ပဲ ခုန အကြောင်းအရင်းတွေ မရှင်းနိုင်ဘူးဆိုရင် ပြန်ဖြစ်ဦးမှာ။ ဒီလူတွေမကိုင်တော့ဘူးဆိုပေမယ့် နောက်လူတွေ ကိုင်ဦးမှာပဲ။”

မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာကအကြီးတန်းအရာရှိ ဦးလှမောင်ရွှေအနေနဲ့ကတော့ နှစ်ဖက်လက်ခံနိုင်တဲ့ လမ်းကြောင်းမျိုးညှိနှိုင်း ဖို့လိုတယ်လို့ သူ့အမြင်ကိုအခုလိုပြောပါတယ်။

“တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားလို့ သူတို့ပါဝင်ခဲ့လို့လဲ ဒီ NCA ဆိုတာမျိုးကို လက်မှတ်ရေးထိုးနိုင်တာပဲ။ တပ်မတော်ဘက်ကရော အစိုးရ ဘက်ကရော လမ်းဖွင့်ထားတာပါပဲ။ ဒါပေမယ့် တိုင်းရင်းသားတွေ ဘက်ကလည်း ဒီဖွင့်ထားတဲ့ လမ်းကြောင်းပေါ်မှာ ညှိနှိုင်းပြီးတော့ လက်ခံနိုင်တာမျိုး ကို သူတို့လည်း ညှိနှိုင်းဖို့တော့ လိုမယ်လို့ ထင်တယ်ဗျာ။”

လက်ရှိမှာ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင် တဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတွေ ကနေ NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ထိုင်းနိုင်ငံ ကိုရောက်ရှိနေတဲ့ အခြေအနေမှာဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ လက်နက်စွန့်ဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ(၂၂)ရက်ညနေပိုင်းမှာ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ UPWC ခေါ် မြန်မာ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ထူးခြားတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်သေးပေမဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အနေအထားနဲ့ NCAလက်မှတ်ရေးထိုးဖို့အတွက် အစိုးရအနေနဲ့ လမ်းဖွင့်ထားကြောင်း UPWC ဘက်က ပြောဆိုခဲ့ ပါတယ်။

လက်ရှိမှာမြန်မာအစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ကလွဲပြီး ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု UNFC အဖွဲ့အနေနဲ့တော့ UPWCနဲ့ ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့အဖွဲ့တွေနဲ့ အခုရက်ပိုင်းတွေမှာ ထပ်မံဆွေးနွေး ညှိနှိုင်းနေဆဲလည်း ဖြစ်ပါတယ်။

XS
SM
MD
LG