သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်မိန့်ခွန်းအပေါ် တုန့်ပြန်ချက်များ


သမ္မတသစ်မိန့်ခွန်းပြောစဉ် (ဓါတ်ပုံ-MOI )
သမ္မတသစ်မိန့်ခွန်းပြောစဉ် (ဓါတ်ပုံ-MOI )

နိုင်ငံတော်သမ္မတသစ် မိန့်ခွန်းပါ ကတိကဝတ်များနဲ့ပတ်သက်လို့ ဘယ်လောက်အထိ လက်တွေ့ဆောင်ရွက်နိုင်မလဲ၊ ဘာတွေ အခက်အခဲ ကြုံရနိုင်သလဲ ဆိုတဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေ နိုင်ငံရေးပါတီတွေရဲ့ အမြင်ကို ဗွီအိုအေ သတင်းထောက်ကိုမိုးဇော်က စုစည်း တင်ပြထားပါတယ်။

ဒီကနေ့ဟာ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့၊ သမိုင်းဝင်နေ့တနေ့အဖြစ် ပြည်တွင်း၊ ပြည်ပမှာ ဝေဖန်သုံးသပ်ကြသလို နှစ် ၅၀ကျော်ကာလအတွင်းမှာ ပထမဆုံး အရပ်သားသမ္မတသစ်က ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်သစ်ကို လက်ခံရယူခဲ့ပါတယ်။

အရပ်သား သမ္မသစ် ဦထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး ပြောကြားခဲ့မိန့်ခွန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မူဝါဒတွေနဲ့ ပြည်သူဘဝမြင့်မားရေးဆိုတာတွေ ကို အလေးပေး ပြောကြားခဲ့ပါတယ်။

“အခုအစိုးရသစ်အနေဖြစ် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုဖြစ်ပေါ်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှု ဘ၀ အဆင့်အတန်းတိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။”

ဒီအချက်တွေအပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ရမယ့် တာဝန်ရှိကြောင်း နဲ့ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက်ကို စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားဖို့ကိုလည်း နားလည်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတသစ်ရဲ့ မိန့်ခွန်းအပေါ်မှာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဒေါက်တာတူးဂျာက ကြိုဆိုကြောင်း ပြောဆိုပါတယ်။

“ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရူ့တဲ့ အသုံးအနှုန်းတွေပါသွားတယ်။ အဲဒါ တော်တော်ကောင်းပါတယ်။ အဲဒါ အဓိကကျတဲ့အချက်တခုလည်းဖြစ်တယ်။ တခြား ကိစ္စတွေမှာလည်း ပြုပြင်ပြောင်းလဲရေးတွေကို ရှေ့ဆက်လုပ်ဆောင်သွားဖို့ သဘောတွေပြောသွားတာကို ကြားသိရတော့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့တော့ စိန်ခေါ်ချက်တွေ ရှိနိုင်ကြောင်း ဒေါက်တာတူးဂျာက သုံးသပ်ပါတယ်။

“ဒီ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့က လွှတ်တော်အတွင်းမှာကတော့ သိပ်ထိထိရောက်ရောက်ဖြစ်မယ်လို့တော့ သိပ်မထင်မိဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုရင် ၄၃၆ က ခံနေတယ်လေ။ ပုဒ်မ ၄၃၆ ခံနေတဲ့အခါကျတော့ အခုဒီပြုပြင်ပြောင်းလဲရေးသမားတွေအနေနဲ့ပေါ့နော် ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့ကတော့ ဒါအခင်းအကျင်း ပါပဲလေ။ ဒါကြောင့် ၄၃၆ ကို ထိထိရောက်ရောက်ပြင်နိုင်လိမ့်မယ်လို့တော့ ကျနော်မမျှော်လင့်ဘူးခင်ဗျ။ ဒါကြောင့်ဒီဟာကတော့လွှတ်တော်ပြင်ပနဲ့ လွှတ်တော်အတွင်းအများကြီး ကြိုးစားဖို့လိုအပ်တယ်လို့ ကျနော်အဲလိုယူဆတယ် ခင်ဗျ။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း သူ့အမြင်ကို အခုလို ပြောဆိုပါတယ်။

“ ဒီ သမ္မတကြီးဦးထင်ကျော် ပြောသွားတဲ့ မိန့်ခွန်းကို ခြုံကြည့်မယ်ဆိုရင်ပေါ့နော် အချက် ၂ ခုကို အဓိကထားပြီးပြောသွားပါတယ်။ မူအားဖြင်သော ဒီဥစ္စာက လုံးဝကြိုဆိုရမယ့်အနေအထားပါ။ ဘယ်လောက်အထိလုပ်ကိုင်နိုင်မလဲ၊ ဘယ်လောက်ထိလုပ်ပိုင်ခွင့်ရှိမလဲဆိုတာကတော့ NLD ပါတီနဲ့ ပြည်သူတရပ်လုံးရဲ့ ညီညွှတ်မှုအပေါ်မူတည်လိမ့်မယ်။ နောက်တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုဘယ်လောက်အတိုင်းအတာအထိ တိုးတက်ဖြစ်ထွန်း လာမလဲဆိုတဲ့အနေအထားကိုလည်း ချိန်တွက်ရမယ်လို့ ပဲ မြင်ပါတယ် ခင်ဗျ။”

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ နိုင်ငံတော်သမ္မတသစ်ရဲ့မိန့်ခွန်းအပေါ်မှာ အခုလို ထောက်ပြပြောဆိုပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်နဲ့ အမျိုးသားရင်ကြားစေ့ရေးတည်ဆောက်ဖို့လိုတယ်။ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရအောင် သူတို့အပေါ်မှာ ယုံကြည်လာအောင် ၊ တကယ့်ရဲရဲဝင့်ဝင့်ပြည်ထောင်စု စနစ်ကို သွားဖို့ တာဆူနေတယ်ဆိုတာကို အလုပ်နဲ့ သက်သေပြဖို့လိုတယ်။ အဲဒါကြောင့်ဘာပဲပြောပြောကျနော်တို့ ဒါကို အကောင်းသဘောနဲ့ ကြိုဆိုပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်နိုင်အောင် ကြိုးစားဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေးကတဆင့် ငြိမ်းချမ်းရေး ပန်းတိုင်အထိ တက်လှမ်းနိုင်အောင် NLD က စွမ်းဆောင်နိုင်ရင်တော့ အကောင်းဆုံးပဲလို့ ကျနော်တို့ မျှော်လင့်ပါတယ်ဗျာ။”

ဒီကနေ့ ပထမဆုံးဆိုလိုက်တဲ့ နိုင်ငံတော်သမ္မတသစ်ရဲ့ မိန့်ခွန်းဟာ ၂မိနစ်ခွဲ သာသာလောက်သာရှိပြီး အစိုးရသစ်ရဲ့ မူဝါဒတွေ ပြည့်ပြည့်စုံစုံ ဖော်ပြတာမျိုးမရှိတဲ့အတွက် အားမရသူတွေ ရှိသလို ကျစ်ကျစ်လစ်လစ်နဲ့ အစိုးရသစ်ရဲ့ အဓိက ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဖော်ပြတယ်လို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။

ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတတာဝန်ကို လွဲှပြောင်းရယူခဲ့တဲ့ ဦးကျော်ထင်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တာဝန်ထမ်းဆောင်မယ့် ၉ ယောက်မြောက် သမ္မတလည်း ဖြစ်ပါတယ်။

XS
SM
MD
LG