သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးပွဲ အရေးကြီး မူဘောင် သဘောတူ


တတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၊ဒုတိယနေ့ (photo-Nyo Ohn Myint (MPC)
တတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၊ဒုတိယနေ့ (photo-Nyo Ohn Myint (MPC)

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ပါ အရေးကြီးတဲ့ အချက် ၃ချက်ကို ညှိနှိုင်းသဘောတူညီခဲ့ပါတယ်။ ဒီကနေ့ ဆုံးဖြတ်ချက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့် ကိုယ်စားလှယ်အစုအဖွဲ့ကို မူလက အစုအဖွဲ့ ၃ ဖွဲ့နဲ့ ၃ ပွင့်ဆိုင်သတ်မှတ်ခဲ့ရာက အခုအခါမှာ အစုအဖွဲ့ ၅ ဖွဲ့ ပါဝင်တဲ့ ၅ ပွင့်ဆိုင်ဆွေးနွေးဖို့ နဲ့ တပ်မတော်က တပွင့် အဖြစ်ပါဝင်ဖို့ သဘောတူခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းရေးဆွဲရာမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ဒီလ အစောပိုင်းက ဆုံးဖြတ်နိုင်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့် ကိုယ်စားလှယ် အရေအတွက်နဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချမှတ်ရမယ့် ပုံစံကို ဒီကနေ့ ပြီးဆုံးတဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ်ပါဝင်မှု အချိုးအစားသတ်မှတ်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အဖြစ် ၃ပွင့်ဆိုင်ဆွေးနွေးဖို့ လျာထားသတ်မှတ်ခဲ့ရာက အစိုးရဖက်က အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကတစုစီ၊ နိုင်ငံရေးပါတီတွေက တစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က တစုအဖြစ် ၅ ပွင့်ဆိုင်ဆွေးနွေးဖို့ တင်ပြတာတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ ညှိနှိုင်းဆုံးဖြတ်ခဲ့တဲ့ အခြေအနေကို မြန်မာနိုင်ငံငြိမ်းချမ်းရေး စင်တာက အထူးအကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒီကနေ့နောက်ဆုံးမှာ ကျနော်တို့ NLD တက်ရောက်လာတဲ့အဲဒီထဲက ဦးဉာဏ်ဝင်း တို့က လည်း ညှိပေးပြီးတော့ အနာဂတ်မှာ အစိုးရ၊ လွှတ်တော်တွေကတော့ NLD ဦးဆောင်တဲ့ဘက်က ကျနော်တို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် သူတို့ဘက်က အရေအတွက်ကို ညှိနှိုင်းပြီးတော့ ကျနော်တို့ အလျှော့ပေးလိုက်တဲ့အတွက်ကြောင့် နောက်ဆုံးတော့ သဘောတူညီချက်တခုထွက်လာတယ်။ အဲဒါကတော့ အစိုးရနဲ့ လွှတ်တော် ၂ ဖွဲ့ပေါင်းက ၁၅၀၊ နောက်တပ်မတော် ၁၅၀ ၊ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်) ကို ၁၅၀၊ နိုင်ငံရေးပါတီ ၁၅၀ နဲ့ ဖိတ်ကြားရမယ့် အစု ၅၀ နဲ့ တိုင်းရင်းသားခေါင်းဆောင် ၅၀ ဆိုပြီးတော့ နောက်ဆုံး ဒါနဲ့တော့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။”

နိုင်ငံရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချမှတ်ရမယ့် ပုံစံကိုတော့ အခုလို သဘောတူခဲ့ကြောင်း ဆက်ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ကတော့ ယေဘုယျကျနော်တို့ ဆုံးဖြတ်ချက်ကတော့ ဒီအစုတစုချင်းစီကနေပြီးတော့ သဘောတူညီချက်တခုစီရမယ်။ ပြီးတော့ အစုအားလုံးရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ရမယ်ဆိုတဲ့ decision making ကိုပေါ့ ဆောင်ရွက်ထားတာရှိတယ်ခင်ဗျာ။”

ဆွေးနွေးပွဲမှာပါဝင်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက လက်ရှိ ဆုံးဖြတ်ထားတဲ့ မူဘောင်တွေကိုတော့ နောင်အစိုးရအနေနဲ့ ပြုလွယ်ပြင်လွယ်ရှိအောင် နဲ့ NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးလာရင် ပါဝင်လာနိုင်အောင်လည်း ခြွင်းချက်ထား သဘောတူခဲ့ကြောင်းလည်း ပြောပါတယ်။

“ကိုယ်စားလှယ် အရေအတွက်ရွေးချယ်ခြင်း အပါအဝင်ပေါ့၊ ဆွေးနွေးမယ့် အကြောင်းအရာအပါအဝင် ဒီဟာတွေအကုန်လုံးကို မူဘောင်ထဲမှာကတော့ နောင်အစိုးရ လာတဲ့အခါကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်လာရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဒါ ညှိနှိုင်းပြီးတော့မှ ပြင်ဆင်ပြောင်းလဲလို့ရပါတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြီးတော့ ကျနော်တို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူုဘောင်တခုလုံးကို ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျှောညီထွေ ပြင်ဆင်ခွင့်၊ ပြင်ဆင်ရမယ်ဆိုတာကို ခြွင်းချက်အနေနဲ့ ကျနော်တို့ မှတ်ချက်အနေနဲ့ထားပြီးတော့ သဘောတူခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ ကျနော်တို့ ညီနောင်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ နောက်ထပ် ဒီ NCA မှာပါဝင်ပြီး လက်မှတ်ရေးထိုးနိုင်အောင် အဲဒီနောက်ပိုင်းမှာလည်း အဲဒီအခြေအနေနဲ့ လိုက်လျှော ညီထွေတဲ့ ပြင်ဆင်ပြောင်းလဲမှု ကို လုပ်နိုင်မယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲ အပေါ်မှာ ဦးခွန်မြင့်ထွန်းက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ဒီနေ့ဆွေးနွေးပွဲမှာပေ့ါလေ ကျနော်တို့ ဆွေးနွေးနိုင်ခဲ့တဲ့အထဲမှာ ကျနော်တို့ ကောင်းတဲ့ ရလဒ်တခုကတော့ ဒီ တည်စဲ အစိုးရနဲ့ နောက်တက်လာမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြားမှာ နိုင်ငံရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့မှ ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်လိုက်နိုင်တယ်။ ဒါကျနော်တို့ အမျိုးသားရင်ကြားစေ့ရေးအတွက် အင်မတန်ကောင်းတဲ့ အလားအလာကောင်းတရပ်၊ ဖြစ်စဉ်တရပ်လို့ ကျနော်တို့ပြောချင်ပါတယ်။”

ပြီးဆုံးသွားတဲ့ အစည်းအဝေးက ဆုံးဖြတ်တဲ့ နိုင်ငံရေးမူဘောင်တွေကို မနက်ဖြန်မှာ ကျင်းပမယ့် JICM ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ ထပ်မံတင်ပြပြီး အတည်ပြုချက်ရယူမှာဖြစ်သလို ဒီအစည်းအဝေးက အတည်ပြုချက်ကို နိုင်ငံတော်သမ္မတထံကို အပ်နှံမှာ ဖြစ်ပါတယ်။

လက်ရှိ မူကြမ်းရေးဆွဲထားတဲ့ တနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကိုတော့ NCA စာချုပ်ပါ သဘောတူညီချက်အတိုင်း လက်မှတ်ရေးထိုးပြီး ရက် ၉၀ အတွင်းဖြစ်တဲ့ လာမယ့် ဇန်နဝါရီလ ၁၄ ရက် မတိုင်မီမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ လက်ရှိအစိုးရသက်တမ်းအတွင်းမှာ စတင်ဖို့ကို ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG