သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အပေါ် အဂတိမှုစွဲချက် အထူးအယူခံ ပယ်အချခံရ


ယခင်မှတ်တမ်းရုပ်ပုံ | နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)

ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေ နဲ့ ဒေါ်လာတွေကို လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တဲ့ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံတင်တာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အရင် အမှုတွေလိုပဲ လက်မခံပဲ မနေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူတွေ့ ထောင်ဝင်စာတွေ့ဖို့ကိုလည်း သူ့ရှေ့နေတွေက မနေ့က တရားဝင် ထပ်ပြီးစာတင်ခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပြစ်မှုကို ကျူးလွန်ခြင်းမရှိသလို ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားလည်း တိတိကျကျ မပြနိုင်တာမို့ လွှတ်ပေးသင့်တယ်လို့ ရှေ့နေတွေက တင်ပြခဲ့ပေမယ့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထည့်သွင်း စဉ်းစားခဲ့တာမရှိဘဲ ထပ်မံပယ်ချ ခဲ့တာဖြစ်ပါတယ်။

ဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ၅၅ အနဲ့ စွဲချက်တင်ပြီး မနှစ် ဧပြီလတုန်းက ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုအပါအဝင် စွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က အယူခံနဲ့ အထူးအယူခံတွေ ဆက်ပြီးဝင်နေတာလည်းဖြစ်ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တဲ့ ဒီအမှုအတွက် ရှေ့နေတွေဘက်က နောက်ထပ် အထူးအယူခံ အနေနဲ့ ထပ်တင်သွားဖို့ရှိတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ပယ်ချခံရတဲ့ အမှုတွေကို ၂၀၁၀ ခုနှစ်ပြည်ထောင်စုလွှတ်တော် တရားစီရင်ရေး ပုဒ်မ ၂၀အရ ပြန်လည်သုံးသပ်ပေးဖို့ ပြည်ထောင်စု တရားသူကြီးချုပ်ကို သူ့ရှေ့နေတွေဘက်က ထပ်မံပြီး အဆင့်ဆင့် အယူခံဝင်နိုင်သေးတာမို့ ဆက်လက် အယူခံဝင်သွားဖို့ရှိနေတယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ သူတွေက ပြောပါ တယ်။

ဥပဒေကြောင်းအရ ချမှတ်ထားတဲ့ ပြစ်ဒဏ် မကျူးလွန်ဘူးဆိုတာကို ချမှတ်ခံရသူဘက်က တရားရုံးအဆင့်ဆင့် အယူခံတက်ပိုင်ခွင့် ရှိနေပြီး လက်ရှိမှာတော့ အမှုတွေ အကုန်လုံးကို အယူခံတက်ထားတာ ဖြစ်ပါတယ်။ မြို့နယ်တရားရုံးကနေ ခရိုင်၊ ပြီးရင် တိုင်း၊ ဗဟိုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် အထူးတရားရုံးတို့အပြင် အဲ့ကနေမှ နောက်ဆုံး တရားသူကြီးချုပ်ထံ အဆင့်ဆင့် အယူခံတက်နိုင်ကြောင်း တရားဥပဒေမှာ ဖော်ပြထားပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာ ဝယ်ယူမှု၊ အဆောက်အဦး ဆောက်လုပ်မှုတွေမှာ အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ပြီး အမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၄ မှု အပြင် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် ဆီကနေ ဒေါ်လာနဲ့ ငွေကြေး လာဘ်ယူတာ တွေ ရှိခဲ့တယ်ဆိုပြီးအမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၂ မှု ၊နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ၁ မှု၊ သဘာဝဘေး စီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိလို့ ဆက်သွယ်ရေးနဲ့ ပို့ကုန် သွင်းကုန် အမှု ၂ မှု စတဲ့ အမှုတွေကိုလည်း ကျူးလွန်ခဲ့ခြင်းမရှိလို့ အပြစ်မရှိကြောင်း အထူးအယူခံကို ပြီးခဲ့တဲ့လကလည်း ပယ်ချခံခဲ့ရပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မလျော်သြဇာမှု၊ သြစတေးလျနိုင်ငံသား Sean Turnell နဲ့ ပူးတွဲ စွဲချက်တင်ခံထားရတဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ နဲ့ ကိုဗစ်ကာလမှာ သဘာဝဘေးအန္တရာယ်အရေး အသုံးပြုမယ့် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်တာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၅ ခု စုစုပေါင်းအမှု (၇) မှုအတွက် နေပြည်တော် တရားလွှတ်တော်ချုပ်မှာ အထူးအယူခံ တင်ထားတာတွေကိုတော့ အမိန့်ချမှတ်တာ မရှိသေးပါဘူး။

အာဏာသိမ်းပြီးကတည်းက တရားစွဲဆို အကျဉ်းချခံထားရတဲ့ အသက် (၇၈) နှစ်အရွယ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ရှေ့နေတွေအနေနဲ့ အမှုသည် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူတွေ့ ထောင်ဝင်စာတွေ့နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ခုချိန်ထိ တွေ့ခွင့်မရသေးတာကြောင့် မနေ့က တွေ့ခွင့်ရဖို့ ထပ်မံ စာတင်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ ရှေ့နေတွေဘက်က စာတင်တာဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက စခဲ့တာဖြစ်ပြီး ဒီတကြိမ် အပါအဝင်နဲ့ ဆိုရင် အကြိမ်ရေ ၁၀ကြိမ် ထက် မနည်း ရှိနေပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားတာဖြစ်ပြီး ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ လက်ရှိမှာ ကျန်နေသေးတဲ့ ၁၄ မှု အတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG