သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမတ်သစ်တွေအတွက် အမတ်ဟောင်းတွေရဲ့ အကြံပေးချက်


ရွေးကောက်ပွဲမှာ ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ်လို့ ပေးခဲ့တဲ့ ကတိတွေအတိုင်း နိုင်ငံအကျိးပြု ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး လွှတ်တော်သစ်မှာ အဆိုပြုတင်သွင်းနိုင်ဖို့ ဥပဒေရေးရာတွေ နဲ့ လွှတ်တော်ပိုင်းကို သေသေချာချာ ကျွမ်းကျင်နားလည်အောင် လေ့လာသင်ယူကြပါလို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေက ကိုယ်စားလှယ်အသစ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းထက်စာရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်း အစိုးရနဲ့ လွှတ်တော်ကြား ပိုပြီးတော့မှ အပေးအယူမျှပြီး ညှိနှိုင်းဆောင်ရွက်မှုတွေ ပိုလုပ်လာနိုင်ခြေရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက ယူဆပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်ကျင်းပတော့မယ့် လွှတ်တော်သစ်ကို တက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပထမအကြိမ်လွှတ်တော်က ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်မှာ သက်တမ်းကုန်ဆုံး ပြီးစီးသွားပြီဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်သစ်တွေနဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကို ဖေဖော်ဝါရီလ ၁ရက်နေ့ တနင်္လာနေ့မှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးရထားတဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင်းမှာတော့ ပါတီက ရွေးချယ်ဖွဲ့စည်းမယ့် အစိုးရသစ်နဲ့ လွှတ်တော်တို့ကြား နိုင်ငံအကျိုးပြု ဥပဒေတွေပြဋ္ဌာန်းသတ်မှတ်နိုင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပိုပြီးတော့မှာ အပေးအယူမျှမျှ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း ပြည်သူအများက မျှော်လင့်နေကြတာပါ။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေရဲ့ဆောင်ရွက်ချက်တွေကြောင့် ကိုယ်စားလှယ်သစ်တွေအတွက် လမ်းဟာ ပိုပြီးပွင့်လင်းလာတယ်လို့ သူ့ရဲ့လွှတ်တော်နောက်ဆုံးနေ့မိန့်ခွန်းမှာ ဂုဏ်ပြုပြောဆိုခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။

လွှတ်တော်သက်တမ်းကုန်ဆုံးလို့ နေရပ်ပြန်တော့မယ့် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ရွေးကောက်ပွဲမှာ ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပေးခဲ့တဲ့ ကတိတွေအတိုင်း နိုင်ငံအကျိုးပြု ဥပဒေတွေပြဋ္ဌာန်းနိုင်ရေး လွှတ်တော်သစ်မှာ အဆိုပြုတင်သွင်းနိုင်ဖို့ ဥပဒေရေးရာတွေ နဲ့ လွှတ်တော်ပိုင်းကို သေသေချာချာ ကျွမ်းကျင်နားလည်နိုင်ဖို့ လေ့လာသင်ယူကြပါလို့ တိုက်တွန်းပါတယ်။

“ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ပါတီတွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူလူထုကို သူတို့နိုင်လို့ရှိရင် ဥပမာ ဆိုပါတော့ အလုပ်အကိုင် တွေ ပေါများလာ စေရပါမယ်။ မြေယာတွေ လုပ်ပိုင်ခွင့်တွေပို ရပါလိမ့်မယ်။ စသဖြင့် အဲဒီ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဥပဒေတွေပြဌာန်းရတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကောင်းမွန်အောင် ဘယ်လို ထိန်းချုပ်မလဲ ၊ ဘယ်လိုပြင်ဆင်မလဲ ဆိုတာကို ဝိုင်းဝန်းပြီး အဖြေရှာကြရလိမ့်မယ်လို့ ထင်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်သစ်တွေကို ဒီမိုကရေစီနည်းကျ ပြည်သူ့အကျိုးပြုဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး စာရွက်ကြည့်ဖတ်ပြီး အလုပ်သဘောဆန်တဲ့ တင်ပြချက်တွေအစား မိမိတို့ ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာပြီး လက်တန်းပြောဆိုမှုတွေ၊ အပြန်အလှန်ဆွေးနွေးငြင်းခုံမှုတွေနဲ့ အသက်ဝင်တဲ့ ပြည်သူ့လွှတ်တော်ကြီးဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကလည်း တိုက်တွန်းပါတယ်။

“ပထမအကြိမ် လွှတ်တော်ဆိုတာက လမ်းအသစ်ဖောက်ရတာလေ။ ဒုတိယအကြိမ် လွှတ်တော်ကတော့ ဒီ ဖောက်ထားတဲ့ လမ်းပေါ်မှာ သွားရတာကို။ အဲတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အချက်အလက်ပေါ်မှာ မူတည်ပြီးတော့ လက်တန်း ပြောရမှာလေ။ လွှတ်တော်ဥက္ကဋ္ဌ ကိုခွင့်တောင်းပြီးတော့ စာဖတ်တဲ့ပုံစံက တော်တော်ကိုများပါတယ်။ အဲဒီအတွေ့အကြုံကြောင့် အချက်အလက်ပေါ်ကိုကြည့်ပြီးတော့ လက်တန်း ပြောနိုင်အောင် ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ဒီမိုကရေစီစနစ်မှာ အကျိုးနဲ့ အကြောင်းနဲ့ ဆွေးနွေး ငြင်းခုန်နိုင်တဲ့အလုပ်က လိုအပ်တယ်။ Debate လွှတ်တော်အတွင်းဖြစ်ပေါ်လာအောင် နောင်လွှတ်တော် ကိုယ်စားလှယ်များကြိုးစားနိုင်ရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ လွှတ်တော် အခန်းကဏ္ဍကို ပြည်သူလူထုက ပိုစိတ်ဝင်စားပြီးတော့ ဒီလွှတ်တော် နိုင်ငံရေးကို အားပေးလာပါလိမ့်မယ်။”

အရင် လွှတ်တော်သက်တမ်းအတွင်းတုန်းကတော့ အစိုးရနဲ့ ဝန်ကြီးဌာနတွေဘက်က အဆိုပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကြမ်းတွေကိုသာ အများဆုံး ဆွေးနွေးခဲ့ကြရပြီး အစိုးရနဲ့လွှတ်တော်ကြား ထိပ်တိုက်တွေ့မှုတွေရှိခဲ့ပေမဲ့လို့ အခုဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာတော့ အစိုးရနဲ့လွှတ်တော်ကြား ပြည်သူ့အကျိုးပြုဥပဒေတွေပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်ပေမဲ့ လွှတ်တော်တွင်းမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅%နဲ့ နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးတော့မှာ အဆင်ပြေချောမွေ့နိုင်မယ်လို့လည်း သီပေါအမတ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

အရင်တုန်းကတော့ အင်အားနည်းတဲ့ ဒီမိုကရေစီအင်အားစုတွေဘက်က အတိုက်အခံအဖြစ်ရပ်တည်ပြီး ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့အစိုးရကို လွှတ်တော်ကနေ ထိန်းကျောင်းနိုင်အောင် ဥပဒေအဆိုပြပြဋ္ဌာန်းချက်တွေနဲ့ ကြိုးစားခဲ့သလို အခု ပြည်သူလူထုက တခဲနက်ရွေးချယ်လိုက်တဲ့ အနိုင်ရပါတီက ဦးဆောင်မယ့် အစိုးရနဲ့ အနိုင်ရပါတီကိုယ်စားလှယ်အများစုပါဝင်မယ့် လွှတ်တော်ကြား ဘယ်လိုထိန်းကျောင်းမှုရှိမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ NLD ဦးဆောင်တဲ့ အစိုးရသစ်ကိုစောင့်ကြည့်မယ်လို့ ဆိုထားတဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ပြောပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်သစ်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးတီခွန်မြတ်ကို ဒုဥက္ကဋ္ဌအဖြစ်၊ နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မန်းဝင်းခိုင်သန်းနဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်ကို ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့ လျာထား သတ်မှတ်ပြီးလည်း ဖြစ်ပါတယ်။

အခုချိန်ထိတော့ NLD က ဖွဲ့စည်းမယ့် အစိုးရသစ်ကို သမ္မတအဖြစ် ဘယ်သူက ဦးဆောင်ပြီး အစိုးရအဖွဲ့မှာ ဘယ်သူတွေပါဝင်မယ်ဆိုတာ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသလို ဒုတိယသမ္မတသုံးဦးကို ပြည်ထောင်စုလွှတ်တော်မှာ ဘယ်တော့ ရွေးချယ်မယ်ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။ ဒုတိယသမ္မတသုံးဦးကို မဲပေးရွေးချယ်ပြီးတဲ့နောက်မှာမှ အဲဒီထဲက မဲအများဆုံးရတဲ့သူကို သမ္မတအဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။

XS
SM
MD
LG