အမေရိကန်စစ်တပ်မှာ စစ်မှုထမ်းနေသူ ထောင်ပေါင်းများစွာကို စက်ရုပ်တွေနဲ့ အစားထိုးနိုင်ဖို့ ဖြစ်နိုင်ချေရှိမရှိ စစ်တပ်က လေ့လာဆန်းစစ် နေပါတယ်။
အမေရိကန်စစ်တပ်ဟာ စစ်မှုထမ်းသူအရေအတွက်ကို လျှော့ချပြီး စက်ရုပ်တွေကို ပိုချထားဖို့ စီစဉ်နေတယ်လို့ လေ့ကျင့်ရေးနဲ့ မူဝါဒချမှတ်ရေးဆိုင်ရာ စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Robert Cone က ဝါရှင်တန်မြို့ဆင်ခြေဖုံးမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အမေရိကန် လေကြောင်းပျံသန်းရေးဆိုင်ရာ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။
ရှေ့နှစ်ကုန်လောက်မှာ တပ်မဟာတခုအတွက် စစ်သား ၄ ထောင်ရှိနေရာကနေ ၃ ထောင်အထိ လျှော့ချမယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်လောက်မှာတော့ လက်ရှိမှာ တပ်သား သန်းတဝက်ကျော်ကျော်ရှိနေတဲ့ အမေရိကန်စစ်တပ်မှာ စစ်သား ၄ သိန်း ၂ သောင်းလောက် အထိပဲ ရှိတော့မှာဖြစ်ပါတယ်။
တိုက်ခိုက်ရေးမှာ မရှိန်မပျက်ဘဲ ဆက်ပြီး ထိရောက်မှုရှိနေစေဖို့အတွက် ကျဆုံးသွားတဲ့ စစ်သားတွေနေရာမှာ စက်ရုပ်တွေနဲ့ စတင် အစားထိုးဖို့ စစ်တပ်က စီစဉ်နေတာပါ။ သူတို့ဟာ တိုက်ခိုက်ရေးအတွက်မဟုတ်ပဲ အထောက်အကူရစေဖို့ ဖြစ်ပြီး ကိုယ်တိုင်လှုပ်လျား သွားလာနိုင်တဲ့ မြေပြင်သွားနဲ့ ဝေဟင်သွား ယာဉ်တွေအပြင် လေးလံတဲ့စစ်ပစ္စည်းတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို သယ်ယူနိုင်တဲ့ စက်ရုပ်မြည်းတွေ ပါဝင်တယ်လို့ ဗိုလ်ချုပ်ကြီး Cone ကပြောပါတယ်။
အခုလို စက်ရုပ်တွေကို သုံးတာဟာ အမေရိကန်စစ်တပ်ကို ရွှေ့ပြောင်းရေးနဲ့ တပ်နေရာချထားရေးမှာရော တိုက်ခိုက်ရေးဘက်မှာပါ ပိုပြီး တိုးတက်လာစေမယ်လို့လည်း ပြောပါတယ်။