သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဓနနဲ့ မေဖလားဝါး ဘဏ်တွေပေါ်ပိတ်ပင်မှု အမေရိကန်ပယ်ဖျက်


၂၀၀၅ ခုနှစ် အာရှဓနဘဏ်မြင်ကွင်း။
၂၀၀၅ ခုနှစ် အာရှဓနဘဏ်မြင်ကွင်း။
ငွေကြေးခဝါချမှုတွေနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်နှစ်ခုအပေါ် ကန့်သတ် ပိတ်ပင်ထားတာတွေကို အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက ပယ်ဖျက်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တချိန်က အကြီးဆုံးပုဂ္ဂလိကဘဏ် နှစ်ခုဖြစ်တဲ့ မေဖလားဝါးဘဏ်နဲ့ အာရှဓန ဘဏ်တွေကို အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းတွေက ဝန်ဆောင်ခွင့် လုပ်ကိုင်ခွင့်မပေးဘဲ တားမြစ်ထားတာတွေကို ပယ်ဖျက်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ငွေကြေး ခဝါချတဲ့ အရင်းအမြစ် လုပ်ငန်းတွေ အဖြစ်နဲ့ရော ဒီဘဏ်နှစ်ခုရဲ့ လုပ်ငန်း ရှင်တွေဟာ တရားမဝင် ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ လုပ်ရပ်တွေ ရှိနေတယ် ဆိုပြီး ၂၀၀၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ကတည်းက ဥပဒေအဖြစ် ထုတ်ပြန် တားမြစ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာ အစိုးရက မေဖလားဝါးနဲ့ အာရှဓန ဘဏ်တွေရဲ့လုပ်ငန်း လိုင်စင်တွေကို ပြန် လည် ရုပ်သိမ်းလိုက်တဲ့အတွက် ဒီလုပ်ငန်းတွေဟာ ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်နိုင်တော့တဲ့ အတွက် တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ကြေညာချက်က ဖော်ပြခဲ့တာပါ။

ဒီကြေညာချက် မတိုင်မီမှာဘဲ အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် တားမြစ်ခံရသူတွေအဖြစ် သမ္မတ ဦးသိန်းစိန်အပေါ် ကန့်သတ် တားမြစ်ထားတာကိုလည်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရင်း အမေရိကန် ပြည်ထောင်စုကို ရောက်လာမယ့် ခရီးစဉ် မတိုင်မီမှာဘဲ သမ္မတဦးသိန်းစိန် အပေါ် အမေရိကန်နိုင်ငံတွင်း ခရီးသွားလာခွင့် တားမြစ်ချက်ကို သမ္မတ ဘရက်ခ် အိုဘားမားက ရုပ်သိမ်းပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ထွက်ပေါ်လာတာနဲ့ အမျှ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေကို တဖြည်းဖြည်း လျှော့ပေါ့ပေးနေရာမှာ သမ္မတဦးသိန်းစိန်ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ ရောက်ရှိနေတဲ့အချိန်မှာ နောက်ထပ် ဖြေလျှော့မှုတွေ တွေ့မြင်ရနိုင်တယ်လို့လည်း မျှော်လင့်ချက်တွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG