သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice ဂျာနယ်နဲ့ သတ္ထုတွင်းဝန်ကြီးဌာနအမှု ကြားနာမည်


အပတ်စဉ်ထုတ် The Voice weekly ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။
အပတ်စဉ်ထုတ် The Voice weekly ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။

ငွေသိန်းထောင်ချီအလွဲသုံးမှု ဖော်ပြခဲ့တဲ့ The Voice Weekly ဂျာနယ်နဲ့ သတ္ထုတွင်းဝန်ကြီးဌာနအမှုကို ဥပဒေကြောင်းအရ ကြားနာစစ်ဆေးဖို့ ဒဂုံမြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အတွက် The Voice Weekly ဂျာနယ်နဲ့ သတ္ထုတွင်း ဝန်ကြီးဌာနအမှု ကို ဥပဒေကြောင်းအရ စွဲချက်ကို ကြားနာ စစ်ဆေးဖို့ ဒဂုံမြို့နယ်တရားရုံး က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ဝန်ကြီးဌာန တချို့က ငွေကျပ်သိန်း ထောင်ချီ အလွဲသုံးစားဖြစ်တဲ့ သတင်း ရေးသားခဲ့တဲ့အတွက် သတ္ထုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ပြီး မတ်လကုန်က စတင် တရာစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ တရားရုံးကို ကိုယ်တိုင် သတင်းသွား ယူခဲ့တဲ့ ကိုသူရစိုးက တင်ပြပေးထားပါတယ်။

The Voice Weekly ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲချက်ကို ကြားနာ စစ်ဆေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ ၁၄ ကြိမ်မြောက် ရုံးချိန်းအတွင်း အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ဒဂုံမြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် ဥပဒေကြောင်းအရ ဖြေရှင်းသွား မှာဖြစ်သလို ဒါဟာ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာနဲ့ ပြည်ထောင်စုအစိုးရကြားဖြစ်တဲ့ ကိစ္စမို့ တိုင်းပြည်အတွက်အကျိုးမရှိဘဲ ပြုပြင်ပြောင်းလဲရေးကိုပါ ထိခိုက်နိုင်တဲ့အတွက် တခြား နည်းလမ်းတွေနဲ့ပါ ဖြေရှင်းသွားမယ်လို့The Voice Weekly ဂျာနယ်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်က ပြောပါတယ်။

“အခု ဒီစွဲချက်ကို ခရိုင်တက်မယ်။ ခရိုင်ကနေ လိုရင် လိုသလိုပေါ့။ အဖြေမရမချင်း ဆက်တက် မှာပေါ့။ ဒုတိယနည်းကတော့ စတုတ္ထမဏ္ဍိုင်နဲ့ ပြည်ထောင်စုအစိုးရနဲ့ ဖြစ်တဲ့ပွဲ ဖြစ်သွားပြီ။ အဲဒါဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ပြုပြင်ပြောင်းလဲရေးအတွက် ထိခိုက်တယ်။ အဆိုးမြင် ဝါဒီများကို သာ အကျိုးပြုမယ့်ပွဲ ဖြစ်သွားမယ်။ အဲဒါကိုတော့ အခြားနည်းနဲ့ပဲ ဖြေရှင်းပါမယ်။”

The Voice Weekly နဲ့လျှပ်တပျက်ဂျာနယ်တို့ကို တရာဆွဲဖို့ ဆွဲချက်တင်နေတာဟာ အုပ်စုတစ်စု တည်းက ဆောင်ရွက်နေတာဖြစ်တယ်လို့ သူယူဆတယ်လို့ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကပြောပါတယ်။

“Transation ကာလမှာ အခုအခံတွေက ကြုံရနိုင်တယ်ဆိုတာ ကျနော်တို့ ကြိုတွက်ထားပါတယ်။ ဒီကိစ္စတွေက စွဲချက်တင်တာကို လက်ခံတာလည်း ဖြစ်နိုင်တယ်။ လက်မခံနိုင်တာလည်း ဖြစ်နိုင် တယ်။ ဘာလို့လဲဆိုတော့ ကျနော့်အယူအဆအရ အုပ်စုတစုတည်းက လုပ်နေတာ။ လျှပ်တပြက်ကို စွဲချက်တင်တဲ့ကိစ္စ၊ လျှက်တပြက်ကို စွဲတဲ့ ကိစ္စရော၊ လျှပ်တပြက်ရဲ့အပေါ်မှာ စွဲချက်တင်လိုက်တဲ့ ကိစ္စရော ကျနော်တို့ ကိစ္စရော ချိတ်ဆက်နေတယ်။ ကျနော့်ယူဆချက်ပါ။”

မကြာသေးခင်က လျှပ်တပြက်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတပုံနဲ့ပတ်သက်ပြီး လျှပ်တပြက် ဂျာနယ်ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြု တရားစွဲ ဆိုခဲ့တာ ဖြစ်ပါတယ်။ အများပြည်သူအကျိုးအတွက် ရေးသားဖော်ပြတာတွေကို တရားစွဲခံရတယ် ဆိုတာ မသင့်လျော်တဲ့အတွက် စာနယ်ဇင်းကောင်စီမှာ ဒီကိစ္စတွေကို အဓိကဆွေးနွေးရမယ် လို့လည်း ဦးကျော်မင်းဆွေက ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ အများပြည်သူအကျိုးအတွက် ရေးသားဖော်ပြသမျှအားလုံး၊ ရိုက်ကူး တင်ဆက်သမျှ အားလုံး က အများပြည်သူအကျိုးဖြစ်တဲ့အတွက် တရားစွဲဆို ခံရတဲ့ဟာမျိုးက မဆီလျော် မသင့်တော်ဘူးလို့ ယူဆတယ်။ ဒီမို ကရေစီနိုင်ငံတွေမှာကတော့ အများပြည်သူ အကျိုးအလို့ငှာ ဖော်ပြတဲ့ကိစ္စ မှန်သမျှ ဖော်ပြတဲ့ မီဒီယာတွေရော၊ ရေးသားတဲ့ သတင်းထောက်တွေရော၊ အယ်ဒီတာတွေရော သူက တရားစွဲဆိုလို့ မရဘူးဆိုတဲ့ ဥပဒေရှိတယ်။ ကျနော်တို့မှာ အဲဒါ မရှိသေးဘူး။ မရှိသေးတဲ့အခါကျတော့ Press Council လိုမျိုး ပေါ်လာတဲ့ အခါကျတော့ Press Council မှာ ကျနော်တို့ အဓိကဆွေးနွေးရတော့မယ်။”

အခုဖြစ်ပွားတဲ့အမှုဟာ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်တဲ့အပြင် ပြည်ထောင်စုအစိုးရရဲ့ ပုံရိပ်ကို ပါ မေးခွန်းထုတ်နိုင်တဲ့ အတွက် အမြန်ဆုံး ပြီးပြတ်အောင်ဆောင်ရွက်ပေးဖို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြော လိုကြောင်း ဦးသိန့်ညွန့်က ပြောပါတယ်။

“ပြည်ထောင်စုအစိုးရနဲ့ The Voice ဂျာနယ်ဖြစ်တဲ့အမှုသည် ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို အင်မတန်မှ ထိခိုက်တဲ့အပြင် ပြည်ထောင်စုအစိုးရရဲ့ ပုံရိပ်ကို စိန်ခေါ်ပြီးတော့ မေး ခွန်းထုတ်နိုင်တဲ့အမှု ဖြစ်တဲ့အတွက် ဒီအမှုကို အမြန်ဆုံး ပြီးပြတ်ဖို့ ရှိနိုင်သမျှ နည်းလမ်းတွေ နဲ့ ဆောင်ရွက်သင့်တယ်ဆိုတာကို ရှေ့နေအနေနဲ့ မဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ကျနော် ပြောလိုပါတယ်။”

လက်ရှိမှာတော့ The Voice Weekly ဂျာနယ်အပြင် လျှပ်တပြက်ဂျာနယ်နှင့် DVB က သတင်းထောက်တစ်ဦးတို့ဟာ အစိုးရ တာဝန်ရှိသူတွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရအတွင်း မကြာခင်က ဝန်ကြီးဌာနအပြောင်းအလဲတွေ လုပ်ဆောင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ယူနေတဲ့ ဝန်ကြီး ဦးအောင်ကြည်လက်ထက်မှာ မီဒီယာ ဥပဒေအသစ်ကို ရေးဆွဲဖို့အတွက် ပြင်ဆင်နေချိန်မှာ အခုလို အစိုးရဝန်ကြီးဌာနတွေနဲ့ သတင်းမီဒီယာအကြား ဥပဒေကြောင်းအရ ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်ပေါ်နေတာပါ။
XS
SM
MD
LG