သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် သုံးသပ်ချက်


မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အားကောင်းစွာနဲ့ တိုးတက်နေဦးမှာဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အရှေ့အာရှ စီးပွားရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၄ - ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၈.၅ % ရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါဟာ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုကနေ တံခါးတွေ ဖွင့်ပေးလိုက်ရာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့်တော့ ဆောက်လုပ်ငန်းလုပ်ငန်းတွေ တိုးချဲ့ပြုလုပ်နေတာ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆက်လက် ကြီးထွားလာနေတာနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးများလာနေတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကနဲ့ အစိုးရ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၂၆.၅% ရှိခဲ့ရာက ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ၂၈.၇ % အထိ တိုးတက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြုပြင်ပြောင်းလဲလိုက်တာကလည်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။

တဘက်မှာ အဲဒီလိုတိုးတက်မှုတွေရှိနေပေမယ့်လည်း တခြားတဘက်မှာ စိန်ခေါ်မှုတွေရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ယေဘုယျအားဖြင့် မြန်မာ့စီးပွားရေးဟာ အတန်အသင့်အားကောင်းတဲ့နှုန်းနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ရှိပေမယ့်လည်း အစိုးရအနေနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်း တိုးချဲ့မှုတွေနဲ့ အခြေခံ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်လိုက်ရင် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

တဘက်မှာ အစိုးရအသုံးစရိတ်တွေကို လက်ရှိအတိုင်း ဆက်လက် တိုးမြှင့်သွားမယ်ဆိုရင် ရေရှည်ရပ်တည်ဖို့ အခက်အခဲရှိလာမယ်လို့ ထောက်ပြထား ပါတယ်။ နိုင်ငံတကာမှာ သဘာဝဓာတ်ငွေ့နဲ့ လောင်စာဆီဈေးတွေ ကျဆင်းနေတာက မြန်မာနိုင်ငံကို အခုချိန်မှာ တိုက်ရိုက်ထိခိုက်မှု မရှိသေးပေမယ့် လည်း အဲဒီ အကျိုးဆက်တွေ မကြာခင် မြန်မာနိုင်ငံကို သက်ရောက်လာပြီး သဘာဝဓာတ်ငွေ့နဲ့ လောင်စာဆီ တူးဖော်ရေးလုပ်ငန်းတွေက ရင်းနှီး မြှုပ်နှံမှုတွေ လျော့ကျသွားမှာဖြစ်တဲ့အတွက် အဲဒီကရနေတဲ့ အစိုးရဝင်ငွေကို ထိခိုက်နိုင်ပြီး တန်ပြန် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်လို့ သုံးသပ် ခန့်မှန်းထားပါတယ်။

၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေအတွက်အရှေ့အာရှတိုက်တခုလုံးရဲ့ ပျမ်းမျှ စီးပွားတိုးတက်မှုနှုန်းကတော့ ၆.၇ % ရှိမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှုန်းကတော့ ၇ % ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG