သုံးရလွယ်ကူစေသည့် Link များ

သီးလေးသီးအငြိမ့် အဖွဲ့ဝင်အချို့ မြန်မာပြည်ပြန်

  • မသင်းသီရိ

သီးလေးသီးအငြိမ့် အဖွဲ့ဝင်အချို့ မြန်မာပြည်ပြန်

ပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့်ပြုမယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန် ပြောခဲ့ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံကိုရောက်နေတဲ့ သီးလေးသီး အငြိမ့်အဖွဲ့က အဖွဲ့သားတချို့ ဒီကနေ့ ညနေပဲ မြန်မာနိုင်ငံကို ပြန်ကြမှာဖြစ်ပါတယ်။ ဒီလို ပြန်ဖို့အတွက်ကို မြန်မာအာဏာပိုင်တွေနဲ့ ကြိုတင်ညှိနှိုင်းခဲ့တာဖြစ်သလို ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာသံရုံးကလည်း သူတို့ကို အကူအညီပေးတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာနိုင်ငံထဲမှာရော နိုင်ငံတကာက မြန်မာတွေကြားမှာပါ လူကြိုက်များတဲ့ ထိုင်းနိုင်ငံရောက် သီးလေးသီး အငြိမ့်အဖွဲ့က အဖွဲ့သား ၄ ဦးဟာ ဒီကနေ့ ညနေ လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ကြမှာဖြစ်ပါတယ်။ ပြည်ပမှာ ၄ နှစ်ကြာလောက် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ သီးလေးသီးအဖွဲ့ထဲက လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနဲ့ ခေါင်းဆောင် မင်းသမီး ချောစုမျိုးတို့ ၄ ဦး ပြန်ကြမှာဖြစ်ပြီး နောက်ထပ် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနဲ့ မင်းသမီး မြစပယ်ငုံတို့ကတော့ ထိုင်းနိုင်ငံမှာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ အခုပြန်ကြမယ့်အဖွဲ့သားတွေဟာ သြဂုတ်လ ၁၇ ရက်နေ့ သမ္မတ ဦးသိန်းစိန်ပြောခဲ့တဲ့ မိန့်ခွန်းထဲက ပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ဝင်လာခွင့် ပြုမယ်လို့ပြောခဲ့တာမို့ မြန်မာပြည်ထဲက အာဏာပိုင်တွေနဲ့ရော၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးနဲ့ပါ ကြိုတင်ညှိနှိုင်းပြီးတော့ ပြန်ဖို့စီစဉ်ကြတာဖြစ်တယ်လို့ လူရွှင်တော် ကိုဂေါ်ဇီလာ ကပြောပါတယ်။

“တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပရောက် မြန်မာများကို ဖိတ်ခေါ်ပါတယ် ဆိုတဲ့ ဖိတ်ခေါ်ချက်ကို ကျနော်တို့က လေးစားစွာဖြင့် ကြိုဆိုသောအားဖြင့် ပြန်ဝင်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ request လုပ်လိုက်တာကတော့ အရင်ဆုံး သက်ဆိုင်ရာ တိုင်းဒေသ ၀န်ကြီးချုပ်ရုံးတို့ကို လုပ်လိုက်တယ်။ ပြီးတော့ ကျနော်တို့ သံရုံးကို ဆက်သွယ်တယ်။ ပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကို ကျနော်တို့ စာပို့တယ်။ ကျနော်တို့ကလည်း ဘာမှ ကတိက၀တ် မပေးပါဘူး။ သူတို့လည်း မတောင်းပါဘူး။”

သီးလေးသီးအဖွဲ့က လူရွှင်တော် ကိုဂေါ်ဇီလာ ဖြစ်ပါတယ်။ မိသားစုနဲ့ ဝေးကွာနေရာကနေ ဒီကနေ့မှာ ပြန်တွေ့ရတော့မှာမို့ အလွန် ၀မ်းသာနေသလို ပရိတ်သတ်နဲ့ ပြန်ဆုံရမှာမို့လည်း စိတ်လှုပ်ရှားနေတယ်လို့ လူရွှင်တော် ကိုဇီးသီးက ဆိုပါတယ်။

အခုလို သူတို့ဘက်က အကောင်းတွေကို မျှော်လင့်ထားသလို အဆိုးတွေ ကြုံလာရမယ်ဆိုရင်လည်း ကြိုတင်ပြင်ဆင်ပြီးသားပါလို့ လူရွှင်တော် ကိုစိန်သီးက ပြောပါတယ်။

“ကျနော် မြန်မာပြည် ပြန်ရတဲ့ရည်ရွယ်ချက်က ကျနော်တို့ သမ္မတကြီးကနေ ကျနော်တို့ကို ပြည်ဝင်ခွင့် ပေးတယ်။ ပေးတဲ့အတွက် ယုံကြည်စွာနဲ့ ယုံကြည်မှုအပြည့်အ၀နဲ့၊ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ကိုယ်ယုံလို့ ပြန်တာပါ။ ဘယ်လိုခေါ်မလဲဆိုတော့ ပွဲမ၀င်ခင် အပြင်မှာ ကျနော်တို့မှာ ကြိုပြင်ထားတာတွေတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အနုပညာသမားတွေလေ။ ကျနော်တို့တတ်တာ အနုပညာပဲ တတ်တယ်လေ။ ကျနော်တို့က ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ ကျနော်တို့က အနုပညာပဲ တင်ဆက်ခဲ့တာ ဆိုတော့ ဆိုးဆိုးရွားရွားကြီး မဖြစ်ဘူးလို့တော့ ကျနော်တို့ ယုံကြည်ထားပါတယ်။”

အနုပညာနဲ့ ပြင်ပမှာရပ်တည်ရတာ ခက်ခဲ့သလို ကိုယ်တတ်တဲ့ အနုပညာနဲ့ တိုင်းပြည်အကျိုးကို ပြည်ပကနေ ဆောင်ရွက်ခဲ့ရာမှာလည်း သိပ်ပြီး ထိရောက်မှု မရှိဘူးဆိုတာကို သူတို့ သုံးသပ်မိတယ်လို့ ကိုဂေါ်ဇီလာက ပြောပါတယ်။

“ပြည်ပမှာ ရပ်တည်ဖို့ ခက်ခဲတာလည်း ပါပါတယ်။ ဒါကတော့ သိပ်တော့ အဓိက မကျပါဘူး။ ဒါပေမဲ့ နံပါတ် (၂) အချက်လောက်မှာ ရှိပါတယ်။ နံပါတ် (၁) အချက်က ကျနော်တို့ ပြည်ပမှာရပ်တည်ပြီးတော့ ကျနော်တို့လုပ်နေတဲ့ အနုပညာက ကျနော်တို့ ဖော်ထုတ်ချင်တိုင်း ဖော်ထုတ်လို့မရဘူးပေါ့နော်။ အခက်အခဲတွေ အမျိုးမျိုး ရှိတယ်။ ပြီးတော့ ကျနော်တို့က ပြည်ပမှာ အခုနေလာတဲ့ ၄ နှစ်တာကာလအတွင်းမှာ ကျနော်တို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ ပြန်လည် သုံးသပ်ကြည့်တာ ရှိပါတယ်။ သုံးသပ်ကြည့်တဲ့အခါကျတော့ ကျနော်တို့ ဒီအနုပညာနဲ့ ကျနော်တို့ တိုင်းပြည်အကျိုးကို ဆောင်ရွက်ပေးတဲ့နေရာမှာ သိပ်ပြီးတော့ မထိရောက်ဘူးလို့လည်း ကျနော်တို့ မြင်မိပါတယ်။ တကယ်တမ်း ပြည်တွင်းမှာ ကျနော်တို့ ပြန်လုပ်မယ်ဆိုလို့ရှိရင် ပြည်တွင်းမှာ ပိုပြီးတော့ အကျိုးရှိနိုင်တယ်၊ ထိရောက်တယ် ထင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က အဓိကထားပြီး ပြန်တာပါ။”

သီးလေးသီး အငြိမ့်အဖွဲ့က လူရွှင်တော် ကိုဂေါ်ဇီလာ ဖြစ်ပါတယ်။ ဒီကနေ့ ညနေ ချင်းမိုင်ကနေပြီးတော့ ရန်ကုန်ကို လေယာဉ်နဲ့ပြန်ကြမယ့် သီးလေးသီးအဖွဲ့သားတွေရဲ့ သတင်းကို ပြည်တွင်းသတင်းကလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြဖို့ စီစဉ်နေကြပါတယ်။ လေဆိပ်မှာ မြန်မာ့ရုပ်သံက သတင်းမှတ်တမ်းတင်ဖို့ စီစဉ်ထားသလို ပြည်တွင်းက သတင်းထောက် တော်တော်များများဟာလည်း လေဆိပ်မှာ သတင်းသွားယူဖို့ စီစဉ်ထားကြပါတယ်။

“ရေးလို့ရနိုင်သရွေ့ကို ရေးခွင့်ရှိသရွေ့ကို လုပ်ပေးသွားရမှာပါပဲ။ တခြား ဟိုဘက်မှာရောက်နေမယ့် အနုပညာရှင်တွေလည်း ရှိဦးမှာပဲလေ။ အဲဒီတော့ တခြားသူတွေကလည်း ဒီကိစ္စကို ကြည့်နေဦးမှာပါပဲ။ သူတို့ ဘယ်လိုမျိုး ဒီ case ကို ကိုင်တွယ်မလဲ။ တကယ်ရော ဖွင့်ပေးလိုက်ပြီလား။ အဲဒါမျိုးကို ကြည့်ရမှာပေါ့လေ။ ကြားတဲ့သတင်းထောက်တိုင်းကတော့ သွားလို့ရရင်သွားမယ်လို့ အကုန်ပြောကြပါတယ်။”

ပြည်တွင်းက သတင်းထောက်တဦး ပြောသွားတာပါ။ ပြည်ပရောက်နေတဲ့သူတွေ မြန်မာပြည်ကိုပြန်ကြတဲ့ သတင်းက ပြည်တွင်းမှာရော ပြည်ပကိုရောက်နေကြတဲ့ မြန်မာတွေကြားထဲမှာပါ အတော် စိတ်ဝင်စားတဲ့ သတင်းတခု ဖြစ်နေသလို နောက်ပိုင်းမှာလည်း အခုပြန်ကြတဲ့ အနုပညာသမားတွေ ဘယ်လောက်အထိ အနုပညာလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်မလဲ ဆိုတဲ့ အခြေအနေတွေကိုလည်း စိတ်ဝင်တစား ရှိနေကြမှာပါ။

သီးလေးသီးအဖွဲ့ကို မြစ်ကြီးနားထောင်မှာ နှစ်ရှည် အကျဉ်းကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇာဂနာက ဦးဆောင် စီစဉ်ပေးခဲ့ဖူးသလို နိုင်ငံရေးဆိုင်ရာ သရော်ပျက်လုံးတွေနဲ့ လူကြိုက်များတဲ့ အငြိမ့်အဖွဲ့တခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG