သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး သမ္မတကတိပြု


နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေးအတွက် ထိပ်သီးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့နဲ့ ပါဝင်သင့်တဲ့ အင်အားစုတွေအားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်သွားဖို့လို့ နိုင်ငံတော်သမ္မတက ဒီကနေ့ ကတိပြု ပြောကြားပါတယ်။

ဒီကတိစကားကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တာဖြစ်ပြီး သမ္မတရဲ့ ကတိစကားဟာ ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် ဆွေးနွေးရေးအတွက် ဆုံးဖြတ်လိုက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီ ၆၇ ပါတီက ခေါင်းဆောင်တွေဟာ ဒီကနေ့ညနေ ၃ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေ၊ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ အဓိကထား တင်ပြသွားခဲ့ပါတယ်။ ဒီလိုဆွေးနွေးရာမှာ အင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေးအတွက်လည်း အခုလို ကတိပြု ပြောကြားပါတယ်။

“နိုင်ငံရေးအင်အားစုအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခဏ ပြုလုပ်သွားဖို့ လိုအပ်ပါတယ်။ မကြာခဏလည်း ပြုလုပ်သွားဖို့ ရှိပါတယ်။ အဲတော့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စောစောက ကျနော်ပြောခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမျိုး ဆွေးနွေးဖို့ ဆက်လက်ပြီးတော့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီမှာလည်း အားလုံး ကျနော်တို့ ပါဝင်နိုင်အောင်လို့ နောက်တခါ အားလုံးကို ဖိတ်ကြားနိုင်အောင်လို့ စီစဉ်ဆောင်ရွက်တဲ့အခါမှာ တချို့ အခက်အခဲကြောင့် ကျန်ခဲ့တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီ့အတွက်ကို နောက်လာမယ့် ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် ကျနော်တို့ ဒီမှာ ကတိပြုပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲတော့ အားလုံး ပါဝင်နိုင်အောင် ကျနော်တို့ ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာကို ကတိပြုပြီးတော့ ပြောကြားလိုပါတယ်။”

နိုင်ငံတော်သမ္မတက အခုလို ကတိပေးပြောကြားသလို အင်္ဂါနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး တွေ့ဆုံဖို့အဆိုကို ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်လာတဲ့ ညီနောင်တိုင်းရင်းများဖက်ဒရေးရှင်း (ခေါ်) တိုင်းရင်းသား နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးဇိုဇမ်ကတော့ သူတို့ရဲ့သဘောထားကို အခုလို တင်ပြပါတယ်။

“ဖြစ်စေချင်တာက တိုင်းရင်းသားနာမည်ခံမယ်ဆိုလို့ရှိရင် အထက်ကနေ တိုက်ရိုက် လူကြီးတွေ ရွေးချယ်ထားတဲ့ တိုင်းရင်းသားပုဂ္ဂိုလ်မျိုး ဖြစ်မှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဖွဲ့စည်းထားတဲ့ NBF (ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း) တို့ ရှိပါတယ်။ ကျန်တဲ့ FDA (ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်) ဆိုတာမျိုးလည်း ရှိပါတယ်။ ကျနော်တို့ ညှိနှိုင်းပြီးမှ ကျနော်တို့ကိုယ်စားလှယ်ကို ဒီထိပ်သီးကို ကျနော်တို့ ပို့ပေးချင်ပါတယ်။ သူပြောမယ့်ကိစ္စ၊ သူဆွေးနွေးမယ့်ကိစ္စလည်းပဲ ကျနော်တို့ တိုင်းရင်းသားပါတီတွေ ဘက်ကနေ ဒီဟာကို တာဝန်ပေးချင်ပါတယ်။ အဲ့ဒါလေးတခု ကျနော်တင်ပြချင်ပါတယ်။”

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ်ကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးမယ်ဆိုရင် တိုင်းရင်းသား အစုအဖွဲ့အနေနဲ့ ကိုယ်စားလှယ် ၇ ဦး ထည့်သွင်းပေးဖို့အတွက် တင်ပြခဲ့ပါတယ်။ အခြားနိုင်ငံရေးပါတီက ကိုယ်စားလှယ်အများစုကတော့ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရပ်ဆိုင်းရေး၊ တပြည်လုံးဆိုင်ရာ ငြိမ်းချမ်းရေးရရှိရေး၊ လယ်သမားတွေ လယ်ယာမြေ ပြန်လည်ရရှိရေးနဲ့ လစာတိုးပေးချိန်မှာ ကုန်ဈေးနှုန်းတွေ ထိန်းချုပ်နိုင်ရေး စတာတွေ တင်ပြခဲ့ကြပါတယ်။

XS
SM
MD
LG