သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်သစ်ကူးအမှာ


မြန်မာသမ္မတဦးသိန်းစိန် မြန်မာပြည်သူတွေကို နှစ်သစ်ကူး
မိန့်ခွန်းပြောကြားနေစဉ်။ သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
မြန်မာသမ္မတဦးသိန်းစိန် မြန်မာပြည်သူတွေကို နှစ်သစ်ကူး မိန့်ခွန်းပြောကြားနေစဉ်။ သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
၂၀၁၃ ခုနှစ်ရဲ့အစ နှစ်သစ်ကူးတဲ့ ဒီနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က တနိုင်ငံလုံး အတွက် နှစ်သစ်ကူး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ နှစ်သစ်ကူး ဆုတောင်းနဲ့အတူ သူ့အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ပြည်သူတွေက နားလည်ပေးပြီး လက်တွဲပါဝင်ဖို့အတွက် အဓိက ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ရေဒီယိုကနေ တနိုင်ငံလုံးကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူး ဆုတောင်းစကားကိုလည်း ဒီဇင်ဘာ ၃၁ ရက် နေ့ညက အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင် သံကြားပေါ်မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ပြောကြားတဲ့ သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းဟာ ရေဒီယိုပေါ်မှာ သူပထမဆုံး အကြိမ် ပြောကြားတဲ့ နှစ်သစ်ကူး မိန့်ခွန်းဖြစ်ပါတယ်။ တနိုင်ငံလုံး ပြည်သူအများစုအားထားတဲ့ ဆက်သွယ်ရေး နည်းလမ်းဖြစ်တဲ့အတွက် ရေဒီယိုပေါ်ကနေ မိန့်ခွန်းပြောရတာဖြစ်တယ်လို့ဆိုပြီး မိန့်ခွန်းကို နှစ်သစ် ဆုတောင်းနဲ့ စတင်ပါတယ်။ မိန့်ခွန်းပြောရတဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ပြောပါတယ်။

“ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ပြည်သူကြား တိုက်ရိုက် ဆက်ဆံရေး လမ်းကြောင်းသစ်တစ်ခုကို အစပြုလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက် တစ်ခု ဖြစ်တဲ့ အစိုးရနဲ့ပြည်သူအကြား အပြန်အလှန်ယုံကြည်မှုကို ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်အတွင်း သူ့အစိုးရရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ပြောတာမှာတော့ ပြည်သူတွေ ရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်အောင် သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ ပြည်သူကြားမှာ ကွာဟမှုတွေရှိနေသေးတာနဲ့ ပါတ်သက်လို့ကိုလည်း အခုလို ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျနော်တို့အစိုးရ အထူးသတိပြုရမယ့် ကိစ္စရပ် ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အားကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှနည်းအောင် ကျနော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျနော့်အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။”

လက်ရှိလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကနေ သေချာတဲ့ အနာဂါတ်ဖြစ်အောင်လုပ်ရေးဟာ လူ့အဖွဲ့ အစည်းတရပ်လုံးရဲ့ တာဝန်ဖြစ်တယ်ဆိုတာမျိုးကိုလည်း သမ္မတဦးသိန်းစိန်က မိန့်ခွန်းထဲမှာ ပြောသွား ပါတယ်။ ၂၀၁၂ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့အကျိုး ကို ပြည်သူတိုင်း လာမယ့် နှစ်တွေမှာ ခံစားနိုင်ဖို့ ဖြစ်တယ်လို့လည်း သမ္မတက အခုလိုပြောပါတယ်။

“လာမယ့်နှစ်တွေမှာ အထွေထွေပြုပြင်ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူ တစ်ဦးချင်းစီ လက်တွေ့ခံစားခွင့် ရစေဖို့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ဆောင်ရွက်ရမယ့် ကိစ္စရပ်များနဲ့ပတ်သက်လို့လည်း ကျနော်တို့အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုထံကို စဉ်ဆက်မပြတ် ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ရှေ့အနာဂါတ်အတွက် ပြည်သူတွေအားလုံးကို သမ္မတဦးသိန်းစိန် မိန့်ခွန်းထဲမှာ တိုက်တွန်းသွားတာကတော့-

“အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဘက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ”

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို့ ပြည်သူတွေ ညီညွတ်ခဲ့သလို တိုင်းပြည်ရဲ့စိန်ခေါ်မှုတွေကို အားလုံး လက်တွဲ ဖြေရှင်းနိုင်မယ်လို့ သူမျှော်လင့်အကြောင်းကိုလည်း သမ္မတဦးသိန်းစိန်က နိုင်ငံတော်ကို ပထမဆုံး ပြောကြားတဲ့ နှစ်သစ်ကူး ရေဒီယိုမိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။ အခုလို ရေဒီယို ပေါ်ကနေ သမ္မတရဲ့မိန့်ခွန်းကို မထုတ်လွှင့်ခင် တစ်ရက်အလို ဒီဇင်ဘာလ ၃၁ ရက် နေ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှစ်သစ်ကူးနှုတ်ဆက်ကို မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြားတို့ကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။

“၂၀၁၃ ခုနှစ် တိုင်းပြည်အတွက် ဆုတောင်းဆိုတာ တကယ်တော့ ပြည်သူတွေအတွက် ဆုတောင်းပဲ ဖြစ်ရမှာပါ။ ပြည်သူတွေ အရည်အချင်းတိုးတက်လာဖို့ ပြည်သူတွေဟာ တကယ့်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားများပီပီ လုပ်နိုင် ကိုင်နိုင်၊ တွေးနိုင် ခေါ်နိုင် ပြောနိုင် ဆိုနိုင်ဖို့ အဲဒီဟာ အရေး အကြီးဆုံး ဆုတောင်းလို့ ကျမ ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တကယ့်အနှစ်သာရ ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေပါ။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းရှိမှ နိုင်ငံလည်း တိုးတက် မယ်၊ နိုင်ငံလည်း အဆင့်ရှိမယ်။ ဒါကြောင့်မို့လို့ ကျမရဲ့ နှစ်သစ်ကူး ဆုတောင်းလေးကတော့ အင်မတန်မှ ရိုးသား ပါတယ်။ ကျမတို့ရဲ့ ပြည်သူ ပြည်သားများ တနေ့ထက်တနေ့ ပိုပြီးတော့ အရည်အချင်းတွေ တိုးတက်နိုင်ပါစေ၊ ကိုယ့်ရဲ့တာဝန်တွေကို ကိုယ် သိသိနဲ့ ကိုယ် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အတွက် လုပ်ရဲ ကိုင်ရဲပါစေလို့ ကျမအနေနဲ့ ဆုတောင်း မေတ္တာပို့ လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ နှစ်သစ် ကူး နှုတ်ဆက် ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရဟာ အရင် စစ်အစိုးရလက်ထက်ကနဲ့ သိသာ ကွဲပြားတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်နေပါတယ်ဆိုတာကို ပြသဖို့ ကြိုးစားမှု တခုဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက မြင်ပါတယ်။ မနေ့ညတုန်းကလည်း အများပြည်သူတွေ ပါဝင်နိုင်တဲ့ နှစ်သစ်ကူး ကြိုဆိုပွဲတခုကို ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ မိုင်ဒါကွင်းမှာ ကျင်းပခွင့်ပြုခဲ့တာမှာ ပြည်သူ သောင်းနဲ့ချီ ပါဝင်ဆင်နွဲခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG