သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် ဗြိတိန်ဝန်ကြီးချုပ်နှင့်တွေ့


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တွေ့ဆုံစဉ် (၁၅ ဇူလိုင် ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တွေ့ဆုံစဉ် (၁၅ ဇူလိုင် ၂၀၁၃)
ဒီနှစ်ကုန်နောက်ဆုံးထားပြီး မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ဗြိတိန်နိုင်ငံကို ရောက်ရှိလာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်က တနင်္လာနေ့က ပြောလိုက်ပါတယ်။

ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီးဖြစ်သလို၊ ဒီနှစ်ကုန်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိစေရဘူးလို့ လန်ဒန်မြို့ Chatham House မှာပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း သမ္မတဦးသိန်းစိန်က ကတိပေး ပြောသွားခဲ့တာပါ။

ဒီဆွေးနွေးပွဲမတိုင်ခင် တနင်္လာနေ့မှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) နဲ့လည်း သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဗြိတိန်ဝန်ကြီးချုပ်က ကြိုဆိုခဲ့သလို၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိတာကို မြင်လိုတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း လူနည်းစုဖြစ်တဲ့ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အပေါ်မှာ စိုးရိမ်တဲ့အကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုခဲ့သလို၊ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဗြိတိန်နိုင်ငံကို ရောက်ရှိလာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက နွေးနွေးထွေးထွေး ကြိုဆိုခဲ့တဲ့ တချိန်တည်းမှာ ဗြိတိန်နဲ့ ဥရောပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ စီးပွားရေးထက် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို အလေးပေး ဆွေးနွေးဖို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဗြိတိန်အစိုးရကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အခု ဗြိတိန်ခရီးစဉ်ပြီးရင် ပြင်သစ်နိုင်ငံကိုလည်း ခရီးဆက်ဦးမှာဖြစ်ပြီး၊ သူ့ရဲ့ ဥရောပ နှစ်နိုင်ငံ ခရီးစဉ်ကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG