သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံဖွံ့ဖြိုးမှုမှာ ငြိမ်းချမ်းရေးဦးစားပေးဖို့ ဂျာမန်ဝန်ကြီးချုပ် မြန်မာကို တိုက်တွန်း


တိုင်းရင်းသားလူမျိုး အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းမှု လိုအပ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel က ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကလည်း လူနည်းစုတွေ တန်းတူညီမျှမှု ရရှိနိုင်ဖို့နဲ့ သူတို့အပေါ် သည်းခံနိုင်ကြဖို့ လိုအပ်တယ်လို့ ဘာလင်မြို့တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်ကတော့ စီးပွားရေးပိုင်းမှာ အောင်မြင်တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေးက ပိုပြီး လွယ်ကူမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျာမနီနဲ့ မြန်မာ သံတမန်ဆက်ဆံရေး အနှစ် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဘာလင်မှာရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးချုပ် Merkel တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီမှုတွေ တိုးပေးဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း မပြတ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Merkel က ပြောပါတယ်။

ပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေက ပညာရေးစနစ် တိုးတက်ဖို့ ထောက်ပံ့ကူညီမှုတွေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးရေး ဂျာမနီက အဓိက အာရုံစိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အတွက် ပြောင်းလဲ တိုးတက်မှုတွေ ရှိတာကိုလည်း သူက ချီးကျူးပြောကြားခဲ့ပါတယ်။

၂၀၁၅ မှာကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း လွတ်လပ် မျှတပြီး ပွင့်လင်းမြင်သာမှု ရှိမယ်လို့ မျှော်လင့်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီဝန်ကြီးချုပ်က ပြောပါ တယ်။ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေတာ ၃ နှစ် သက်တမ်းပဲရှိသေးတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲတွေ အများကြီးရှိနေပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်တယ်ဆိုတာကို သမ္မတ ဦးသိန်းစိန်ကလည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG