သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ ဗြိတိန်ချီးကျူး


ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague
အဓိကကျတဲ့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အခုလောက် အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ယူပါကြောင်း လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ EU ထိပ်သီး အစည်းအဝေးရဲ့ သီးခြား တွေ့ဆုံပွဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။

ဇန်နဝါရီလက တွေ့ဆုံမှုအပြီး အခု တကြိမ် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ဗြိတိန် နိုင်ငံခြားရေး ဌာနက အခုလို ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ဒေသက အကြမ်းဖက် ပဋိပက္ခတွေနဲ့ လူမှု ပြဿနာတွေအတွက် စိုးရိမ်ပူပန်မိကြောင်းနဲ့ မြန်မာအစိုးရက ဗြိတိန်သံအမတ်ကြီးကို ရခိုင်ဒေသထဲ သွားရောက် လေ့လာ ကြည့်ရှုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်းလည်း ဖော်ပြထားပါတယ်။ ရိုဟင်ဂျာ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ပြဿနာကို ဖြေရှင်းပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ကိုလည်း တတ်အားသမျှ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေကို တိုက်တွန်းထားပါတယ်။

ဗြိတိန်နဲ့ မြန်မာအစိုးရကြား တာဝန်ယူမှုရှိတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ အတွက်လည်း အားပေး တိုက်တွန်းပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်လည်း လာမယ့်နှစ်ထဲမှာ ဗြိတိန်နိုင်ငံကို လာရောက် လည်ပတ်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။
XS
SM
MD
LG