သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် သြစတြေးလျ ခရီးစဉ်စတင်


သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်။
ဓနသဟာယနိုင်ငံနှစ်ခုဆီ ခရီးထွက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာ သြစတြေးလျနိုင်ငံဆီ ရောက်သွားပါပြီ။ သြစတြေးလျမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မေလ ၁၈ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ကို ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်နေကြသလို အိတ်ဖွင့်ပေးစာ တစ်စောင် ပေးဖို့လည်းရှိနေပါတယ်။ နယူးဇီလန်မှာတုန်းကလည်း လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ပြီး အိတ်ဖွင့်ပေးစာပေးခဲ့ကြပါတယ်။ ဒီအခြေအနေတွေကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

သမ္မတဦးသိန်းစိန်ဟာ နယူးဇီလန်နိုင်ငံကနေတဆင့် သြစတြေးလျနိုင်ငံဆီ ခရီးဆက်သွားတာဖြစ်ပါတယ်။ မတ်လ ၁၇ ရက် တနင်္လာနေ့ကျရင်တော့ ကင်ဘာရာမြို့တော်က သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့နဲ့ လွှတ်တော်ရှေ့တို့မှာ သမ္မတဦးသိန်းစိန်ကို သြစတြေးလျရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားကြပါတယ်။ ဒါ့အပြင် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးဖို့လည်း ပြင်ဆင်နေပြီး သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးချိန်မှာ စီးပွားရေးကိစ္စရပ်တစ်ခုထဲမဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကိုပါ အလေးထားဆွေးနွေးဖို့ တိုက်တွန်းဖို့ရည်ရွယ်တယ်လို့ သြစတြေးလျ-မြန်မာရုံး က ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“အဓိကအချက်တွေကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြို့ထဲရော၊ နယ်စပ်တိုင်းရင်းသားဒေသတွေမှာလည်း ဖြစ်နေတယ်ဆိုတဲ့အကြောင်းပေါ့လေ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ သိန်းနဲ့ချီပြီးတော့ ကချင်လူထုတွေဟာ တောထဲတောင်ထဲမှာ ထွက်ပြီးတော့ ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ ရခိုင်ပြည်မှာလည်းပဲ လူမျိုးရေးပဋိပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်သူတွေ တသိန်းလောက် ဒုက္ခရောက်နေကြတဲ့အကြောင်း၊ ဒါတွေကို ကူညီပေးတဲ့ နိုင်ငံတကာအကူအညီတွေကိုလည်း ပိတ်ဆို့နှောင့်ယှက်နေတဲ့ အကြောင်း၊ နောက်ပြီးတော့ လယ်သမားတွေနဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာတွေ မြေယာတွေကို မတရားသိမ်းပိုက်တဲ့အကြောင်း စသည်ဖြင့် လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေကို လေ့လာထားပြီးတော့ ဦးသိန်းစိန် အစိုးရနဲ့ ဆွေးနွေးပေးပါ။ တောင်းဆိုပေးပါ ဆိုပြီးတော့ ကျနော်တို့က အဓိက အဲဒီဟာကို တင်ပြတောင်းဆိုပါတယ်ဗျာ။”

သမ္မတဦးသိန်းစိန် နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ဆီ ရောက်ခဲ့တုန်းကလည်း အဲဒီမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြဖို့ ပြင်ဆင်ခဲ့ပေမဲ့ သတင်းအတိအကျမရခဲ့တာကြောင့် စနစ်တကျမလုပ်နိုင်ခဲ့ကြဘဲ ဟော်တယ်ရှေ့မှာ ဆိုင်းဘုတ်တွေကိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆန္ဒပြနိုင်ခဲ့ပြီး အိတ်ဖွင့်ပေးစာကို ပေးခဲ့ကြရ ပါတယ်။ သမ္မတဦးသိန်းစိန်ခရီးစဉ်သတင်းကို နယူးဇီလန်အစိုးရက အုပ်ထားခဲ့တယ် လို့ အော်ကလန်မြို့က မြန်မာ့အရေးလှုပ်ရှားသူ ဦးစောနီနီက ပြောပါတယ်။

“နယူးဇီလန်အစိုးရက လုပ်တာတခုက ထင်သာမြင်သာမရှိတဲ့တခုကတော့ သမ္မတဦးသိန်းစိန် လာတာကို လုံးဝကို ဖုံးထားတယ်။ ကျနော်တို့ လုံးဝကိုမသိရဘူး။ အဲဒါဘာလို့လဲဆိုတော့ သြစတြေးလျက ကျနော်တို့ကို ပြန်မေးတယ်။ ခင်ဗျားတို့ဆီမှာ သမ္မတဦးသိန်းစိန်လာတယ်တဲ့။ အဲဒါ အမြှောက် ၂၂ ချက်ပစ်ဖောက်ပြီးတော့မှ သူတို့ ကြိုဆိုတယ်တဲ့။ အဲဒါတွေ ကျနော်တို့ လုံးဝကိုမသိဘူးခင်ဗျ။”

နယူးဇီလန်မှာပေးခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲ ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့နဲ့ လက်ပံတောင်းအရေး တာဝန်ရှိသူတွေကို အရေးယူဖို့ဆိုတာတွေကို တောင်းဆိုထားပါတယ်။ သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံစလုံး ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စပြီး သိပ်မကြာခင်မှာပဲ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေးခဲ့တဲ့နိုင်ငံတွေပါ။

အခုခရီးစဉ်အတွင်း နယူးဇီလန်အစိုးရက မြန်မာနိုင်ငံအတွက် အကူအညီ နယူးဇီလန်ဒေါ်လာငွေ ၆ သန်းလောက် ပေးအပ်ခဲ့သလို သြစတြေးလျအစိုးရကလည်း လူသားချင်းစာနာမှုအကူအညီကို အရင် က ဒေါ်လာ ၂၅ သန်း၊ အဲဒီနောက် သန်း ၅၀၊ အဲဒီကနေ တစ်နှစ်ကို သန်း ၁၀၀ ထိ တိုးပေးဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်။

အဲဒီလိုဖြေလျှော့မှုတွေ လုပ်ပေးထားပေမဲ့လည်း အပြောင်းအလဲတွေ နောက်ပြန်လှည့်သွားမယ်၊ အခြေအနေတွေ ဆုတ်ယုတ် သွားမယ်ဆိုရင် ဒဏ်ခတ်မှုတွေကို ပြန်ချမှတ်ဖို့ အဆင်သင့်ရှိတယ်လို့ ဒေါက်တာမြင့်ချိုက သုံးသပ်ပါတယ်။

“လက်နက်တင်ပို့ရောင်းချတဲ့ကိစ္စတွေ၊ စစ်လက်နက်ပစ္စည်းနဲ့ ပတ်သက်တဲ့နည်းပညာ ဒါတွေကို လုံး၀ တင်ပို့တာတွေကို ရပ်ဆိုင်းထားတဲ့ကိစ္စကတော့ ရှိနေတုန်းပဲဗျ။ တချို့လူတွေကိုလည်း ဗီဇာကိစ္စနဲ့ ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်တဲ့ ကိစ္စတွေ ဆက်ပြီးတော့ ထိန်းထားတုန်းပဲ။ အပြုသဘောနဲ့ သူတို့တုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ထားတာဗျ။ အပြီး ရုပ်သိမ်းသေးတာမဟုတ်ဘူး။ အပြုသဘောတိုးတက်မှုတွေက နောက်ကြောင်းပြန်သွားလို့ ပျက်စီးသွားခဲ့မယ်ဆိုရင်တော့ အချိန်မရွေး ပြန်လည်ပြီးတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကို ပြန်ချမှတ်ဖို့က အဆင်သင့်ရှိပါတယ်ခင်ဗျ။”

သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့၊ ကျန်နေသေးတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေအားလုံးကို ရုပ်သိမ်းပေးရေး စည်းရုံးရေးဆင်းဖို့ ဆိုတာတွေအပါအဝင် အခုခရီးစဉ်မှာ သူတို့အစိုးရအပေါ် နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု ပိုရအောင် ဦးသိန်းစိန်က ကြိုးစားဖို့ရည်ရွယ်တယ်လို့ ဒေါက်တာမြင့်ချိုတို့က မြင်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ သြစတြေးလျနိုင်ငံခရီးစဉ်ဟာ မတ်လ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG